နေပြည်တော်၊ ဇူလိုင်(၅)

အရှေ့တီမော ဒီမိုကရက်တစ်သမ္မတနိုင်ငံက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုတာဟာ အာဏာသိမ်း စစ်ကောင်စီအတွက် သံတမန်ရေးရာမှာ ကျဆုံးနေမှုကိုပြသတဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့ကကျင်းပတဲ့ အရှေ့တီမော ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ၉ ကြိမ်မြောက် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောသမ္မတက တရားဝင်ဖိတ်ကြားခဲ့တာပါ။

သမ္မတနန်းတော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ နှစ်နှစ်ခွဲနီးပါး သိမ်းယူထားတဲ့ စစ်ကောင်စီကိုဖယ်ကျဉ်ပြီး တော်လှန်ရေးအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖိတ်ကြားတာဟာ နိုင်ငံတကာဝင်ဆံ့နိုင်တဲ့ အောင်ပွဲတစ်ခုလို့ နွေဦးတော်လှန်ရေးမှာပါဝင်နေသူ ဂျပန်ရောက်မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မဟန်နီထွန်းက ဆိုပါတယ်။

“မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ NUG အစိုးရကို ဖိတ်ခေါ်တာ စစ်ကောင်စီရဲ့ နိုင်ငံတကာဝင်ဆံ့နိုင်ခြင်း ကျဆုံးနေမှုကို ပြသတဲ့ပြယုဂ်တစ်ခု ဒါမှမဟုတ် NUG ရဲ့ နိုင်ငံတကာဝင်ဆံ့နိုင်တဲ့ အောင်ပွဲတစ်ခုလို့ ဆိုလို့ရတယ်။ နောက်တစ်ခုက သေချာတာတစ်ခုက စစ်ကောင်စီအတွက် နိုင်ငံတကာမှာ သံတ မန်ရေးရာအရ အရှုံးတွေထပ်ခါထပ်ခါ ရရှိနေတာကို ပြနေတာပဲလို့ ပြောချင်တယ်။ အရှေ့တီမောလိုပဲ NUG ကို ပိုမိုပြီးအသိအမှတ်ပြုလာဖို့က သက်ဆိုင်ရာနိုင်ငံတွေမှာ နေထိုင်ကြတဲ့ NUG ရဲ့ ကိုယ်စား လှယ်တွေ တာဝန်ခံတွေမှာ တာဝန်ရှိသလို သက်ဆိုင်ရာ မြန်မာနိုင်ငံသားတွေလည်း တာဝန်ရှိတယ်” လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ချက်သမ္မတနိုင်ငံအစိုးရက ပထမဆုံးအသိအမှတ်ပြုခဲ့တာပါ။

အဲဒီနောက်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အရှေ့တီမောနိုင်ငံက NUG ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒုတိယကြိမ် အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း အရှေ့တီမောအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် ရုန်းကန်နေတဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုတာဟာ သံတမန်ရေးရာမှာ ထူးကဲတဲ့အောင်ပွဲတစ်ရပ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

“အရှေ့တီမောအနေနဲ့ ဗမာစစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ရုန်းကန်တိုက်ပွဲဝင်နေတဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုတာ သမိုင်းကြောင်းအရ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်ပြီး ဒီနေ့ကာလ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ အသိအမှတ်မပြုဘဲနဲ့ NUG ကို အသိမှတ်ပြု ဖိတ်ကြားလိုက်တာဟာ NUG အတွက် နိုင်ငံတ ကာသံတမန်ရေးရာ လှုပ်ရှားမှုအတွင်း ထူးကဲတဲ့ အောင်ပွဲတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်ဗျာ”လို့ သူက ဆိုပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေးရားမို့စ်ဟော်တာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်ခဲ့တယ်လို့ အရှေ့တီမောသမ္မက သူ့ရဲ့လူမှုကွန်ရက် Facebook မှာ ဖော်ပြထားပါတယ်။

အရှေ့တီမောနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရယူခဲ့တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားခဲ့တာပါ။

အာဆီယံအနေနဲ့ အရှေ့တီမောနိုင်ငံကို အသင်းဝင်အဖြစ်လက်ခံဖို့ ထိပ်သီးညီလာခံကနေ မူအနေနဲ့ သဘောထား ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် လူဦးရေ ၁ ဒသမ ၃ သန်းကျော်သာရှိတဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Presidência da República Democrática de Timor-Leste

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.