နေပြည်တော်၊ ဇူလိုင်(၅)

မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ အလေးထားဆောင်ရွက်ပြီး စွမ်းဆောင်ရည်တွေ ဖော်ထုတ်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ပေးပို့တဲ့ မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။

နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ကိုကိုယ်စားပြုတဲ့ အမျိုးသမီးတွေက ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ကိုလှပအောင် ဖန်တီးသူဥယျာဉ်မှူးတွေဖြစ်ကြပြီး အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်တွေဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။

ငယ်ရွယ်တဲ့အမျိုးသမီးတွေရဲ့ လူမှုစီးပွားဘဝမြင့်မားရေးမှာ အမျိုးသမီးတွေဘဝ ဖွံဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတန်းတူပါဝင်ခွင့်ရရှိရေးနဲ့ အမျိုးသမီးကဏ္ဍကို ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာအောင် ဆောင်ရွက်ကြဖို့ကိုလည်း သူကမှာကြားပါသေးတယ်။

စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းပြောဆိုချက်နဲ့ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (WLB) ၊ အထွေထွေအတွင်းရေးမှူး နန်းမို့မို့က စစ်အုပ်စုအနေနဲ့ တကယ်တမ်း ပြောနေတဲ့ဟာနဲ့ လုပ်နေတဲ့ လုပ်ရပ်တွေက လက်တွေ့ အခြေအနေနဲ့ လုံးဝဆန့်ကျင်ဘက်တွေ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ဟာတွေက တကယ့်တကယ်သူတို့ပြောတဲ့ဟာနဲ့ လုပ်တဲ့ဟာတွေက လက်တွေ့မှာ လုံးဝကို ဆန့်ကျင်ဘက်တွေ ဖြစ်တယ်။ ဒီလူတွေက(စစ်အုပ်စု) အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးတည်ပြီးတော့ သတ်ဖြတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ဖမ်း ဆီးတာတွေက မြင်နေတဲ့ဟာတွေဖြစ်တယ်။ ခေတ်အဆက်ဆက်ကလည်း အမျိုးသမီးနဲ့ ကလေးတွေကို ဦးတည်ပြီးတော့ပဲ အကြမ်းဖက်တဲ့ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေက တကယ့်ကို အစီအစဉ်တကျနဲ့ လုပ်ဆောင်နေတာဖြစ်တယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆို အစီအစဉ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဦးတည်လုပ်ဆောင်နေတဲ့အပြင် တစ်သက်လုံး အကြမ်းဖက်စစ်တပ်ကပဲ ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်နေတာပေါ့။ အဲဒီတော့ သူတို့ပြောတာနဲ့ တကယ့်လက်တွေ့မှာက လုံးဝကို ဆန့်ကျင်ဘက်တွေ ဖြစ်တယ်ဆိုတာကို ခြုံပြီးပြောချင်တယ်” လို့ သူကဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူလိုက်တဲ့ စစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လက်နက်မဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီထဲမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားကြတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချတာတွေအပြင် စစ်ကြောရေးမှာ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြတယ်လို့ အမျိုးသမီးအရေး တက်ကြွသူတွေနဲ့ ပြန်လွတ်လာတဲ့ အမျိုးသမီးတွေက ပြောပြကြပါတယ်။

အခုနှစ် ဧပြီကနေ ဇွန် ၂၅ ရက်နေ့အထိ သုံးလတာအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရသူ အမျိုးသမီးစုစုပေါင်း ၁၁၁ ဦးအထိရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့သူ အမျိုးသမီး ၆၇ ဦး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၂ ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ၂၂ ဦး၊ ဖမ်းဆီးထိန်းသိမ်းပြီး သတ်ဖြတ်ခံရသူ ၅ ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၁၆ ဦးနဲ့ ပစ်သတ်ခံရသူ ၁၀ ဦးအထိရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဇွန် ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.