မော်လမြိုင်၊ ဇူလိုင်(၅)

မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ဘီးလင်းကျုံအိတ်တံတားကို ယာယီဘေလီတံတားထိုးဖို့ ပြင်ဆင်ထားပေမယ့် စစ်တပ်ဘက်က လုံခြုံရေးမပေးနိုင်တာကြောင့် မပြင်နိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီ မွန်ပြည်နယ်အစိုးရရုံး တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က ကျုံအိတ်တံတားကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတခြမ်း ပြိုကျပျက်စီးခဲ့ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က လာရောက်ပြင်ဆင်တာမရှိသေးပါဘူး။

ဘီးလင်းကျုံအိတ်တံတားကို ယာယီဘေလီတံတားထိုးဖို့ လမ်းဦးစီးဌာနက အဆင်သင့်ပြင်ထားပေမယ့် စစ်တပ်ဘက်က လုံခြုံရေးမပေးနိုင်တာကြောင့် ဘယ်သူမှမသွားရဲကြဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျုံအိတ်တံတားပေါ်မှာ ကားငယ်နဲ့ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာရလို့ ရပေမယ့် ကုန်တင်ကားတွေအပါအဝင် ခရီးသွားမှန်လုံယာဉ်တွေအနေနဲ့ အန္တရာယ်ကြားကနေ အထူးသတိထား သွားလာနေရတယ်လို့ သိရပါတယ်။

ကျုံအိတ်တံတား မိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ အပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေထဲမှာ စစ်တပ်ဘက် ဗိုလ်မှူးကြီးအဆင့်ထိပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.