မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “KNPLF – ကလလတက ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားခြင်း မရှိ” ဆိုတဲ့ ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို,KYAW SWAR ,Han nyein oo စတဲ့တယ်လီဂရမ်အကောင့်ကနေ ဇွန်လ( ၂၇ )ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ နယ်ခြားစောင့်တပ်ရင်း ၂ ရင်း အပါအဝင် စုစုပေါင်း တပ်ရင်း ၅ ရင်းရှိသည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) က စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ)က သတင်းထုတ်ပြန်ထားပြီး ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

မယ်စဲ့တိုက်ပွဲများတွင် 4K တပ်ပေါင်းစုဟု ခေါ်သည့် ကလလတ (KNPLF)သည် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့အပြင် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ Karenni Revolution Union (KRU) တို့နှင့်အတူ ပါဝင်တိုက်ခိုက်နေကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) ကသတင်းထုတ်ပြန်ထားသလို ယုံကြည်စိတ်ချရသော သတင်းဌာနများမှာလည်း ဖော်ပြထားပါတယ်။

ကလလတအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်လည်း လက်တွဲသွားမည်ဟု ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလလတ အခြေပြုလှုပ်ရှားနေသည့် ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ဒေသခံတော်လှန်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေတယ်ဟု ကလလတ၏ တွဲ ဖက်အတွင်းရေးမှူး ရဲဘော်လောရင်းစိုးက သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ကလလတ အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/jvAIM

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/iktuX

Myanmar nowသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/bdtDW

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့” KNPLF – ကလလတက ကရင်နီြပ်ညသူ့ကာကွယ်ရေးတပ်များ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားခြင်း မရှိ”ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက် ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.