ညောင်လေးပင်၊ ဇူလိုင်(၄)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာပေါင်း(၃)ရွာက ဒေသခံပြည်သူ(၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၂)ရက်နေ့ မနက်(၄)နာရီအချိန်ခန့်က KNU တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ရေတွင်းကုန်းနဲ့ ဥသျှစ်ကုန်းကျေးရွာအတွင်းရှိ လူနေအိမ်(၄)လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အရပ်သားပြည်သူအပေါ် စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာနဲ့ အုန်းပင်စုကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ၁၄၅၆ ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က ဆိုပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် ဒေသခံအရပ်သားပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
လက်ရှိမှာလည်း ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်တွေဟာ ဆေးဝါးအလုံအလောက် မရရှိတဲ့အတွက် စစ်ဘေးရှောင်ကလေးငယ်(၃)ဦး တုပ်ကွေးဖျားနာပြီး သေဆုံးသွားခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေဆီကနေ သိရှိရပါတယ်။
ဒါ့အပြင် အခုကာလဟာ မိုးတွင်းကာလဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေစတဲ့ အခြေအနေ အကြောင်းအရပ်ရပ်တွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝမရရှိဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
KUN အုပ်ချုပ်နယ်မြေထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ပြည်သူလူထု ၆ သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU