ကိုးကန့်၊ ဇူလိုင်(၄)
နိုင်ငံတကာကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေအပေါ် နှောင့်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူသွားမယ်ဆိုတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပူးတွဲကြေညာချက်ဟာ တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့နဲ့ တရားဝင်အစိုးရအဖြစ် ပုံဖော်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်တာပါ။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအတွင်းမှာရှိတဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူသွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ပူးတွဲကြေညာပါတယ်။
မဟာမိတ်သုံးဖွဲ့ရဲ့ ကြေညာချက်မှာ မိမိတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေအပေါ် ချေမှုန်းရေးလုပ်ငန်းတွေကို တိုးတက်ကောင်းမွန်စေရေး တက်တက်ကြွကြွနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ အချက် ၈ ချက်ကို ဖော်ပြထားတာပါ။
အဲဒီထဲမှာ ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ သူတပါးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်စေနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကျူးလွန်သူတွေကို ဘယ်တော့အခါမှ အားမပေးဘဲ တားဆီးချေမှုန်းသွားမယ်လို့ ဆိုထားပါတယ်။
နိုင်ငံတကာကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေအပေါ် နှောင့်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို အဲဒီရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂိုလ်တွေအပေါ် အနှောင့်အယှက်ပေးတာ၊ ဆက်ကြေးတောင်းတာစတဲ့ ပြစ်မှုကျူးလွန်သူ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီထုတ်ပြန်ချက်ဟာ ညီနောင်သုံးဖွဲ့ရဲ့ ဒေသစိုးမိုးမှုအပေါ် အုပ်ချုပ်ရေးကို စည်းစနစ်ကျအောင်လုပ်ရင်းနဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ဖော်ပြတာလို့ သုံးသပ်ပါတယ်။
“ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုတာကို အမည်ခံပြီးတော့ ပြည်တွင်းမှာ လူကုန်ကူးမှုတွေ လုပ်နေတာတွေက တရုတ်အစိုးရနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် တရုတ်လူမျိုးတွေပဲ အဲဒါတွေလုပ်နေတဲ့အခါကျတော့ အဲဒီလိုကိစ္စတွေလည်း သူတို့နှိမ်နင်းသွားမယ်ဆိုတဲ့ သဘောထားပါပဲ။ အဲဒီတော့ ဒီထုတ်ပြန်ကြေညာချက်ဟာ ညီနောင်သုံးဖွဲ့အနေနဲ့ သူတို့တွေရဲ့ ဒေသဆိုင်ရာစိုးမိုးမှုအပေါ်အခြေခံပြီး အုပ်ချုပ်ရေးကို ပိုပြီးတော့တင်းတင်းကျပ်ကျပ် စည်းစနစ်ကျအောင် ဆောင်ရွက်သွားရင်းနဲ့ တချိန်ထဲမှာ တရုတ်အကျိုး စီးပွားတွေကို ကာကွယ်သွားဖို့ဆိုတဲ့ သဘောထားရှိကြောင်း ဖော်ပြတယ်လို့ ကျွန်တော်ကယူဆတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းအကောင်အထည်ဖော်နေတဲ့ မြို့နယ်တွေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ မြို့တွေမှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့နည်းသွားတယ်လို့ ISP – Myanmar က ဇွန် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေနဲ့ ရာဇာဝတ်မှု ကျူးလွန်သူတွေအပေါ် အကာအကွယ်ပေးနေသူတွေကို ဖြိုခွင်းတိုက်ခိုက်သွားမှာဖြစ်သလို လူကုန်ကူးခြင်းနဲ့ အတင်းအဓမ္မလုပ်အားခိုင်းစေသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို တွေ့ရှိရင်လည်း မိမိတို့ထံ အချိန်မီသတင်းပို့ကြဖို့ မေတ္တာရပ်ခံထားပြီး မြန်မာပြည်သူတစ်ရပ်လုံးနဲ့ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းအပေါ် အားပေးထောက်ခံသူတွေအနေနဲ့ အကြမ်းဖက်နဲ့ရာဇဝတ်မှုကျူးလွန်သူတွေအပေါ် ချေမှုန်းရေးလုပ်ငန်းတွေ အတူတကွ ပူးပေါင်းဖို့ကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့တိုက်တွန်းထားတာပါ။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောကတော့ မြောက်ပိုင်းဒေသမှာ တရုတ်နိုင်ငံသားတွေနဲ့ ပြည်တွင်းကလူတွေပေါင်းပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် တရုတ်အစိုးရက ဖိအားပေးဖြေရှင်းခိုင်းတာဖြစ်သလို အုပ်ချုပ်ရေးတည်ထောင်ထားတဲ့ ညီနောင်သုံးဖွဲ့အနေနဲ့ တရားဝင်အစိုး ရအဖြစ် ပုံဖော်ချင်တာလို့ သုံးသပ်ပါတယ်။
“ဗမာပြည်မြောက်ပိုင်းမှာ တရုတ်ကဂိုဏ်းတွေတအားရှုပ်နေတယ်။ အဲဒီဂိုဏ်းတွေနဲ့ ဗမာပြည်က လူတွေပေါင်းပြီး တချို့ကထင်တာ သူတို့အဖွဲ့တွေနဲ့ (ညီနောင်သုံးဖွဲ့) တရုတ်တွေပေါင်းပြီး လုပ်တယ်လို့ ထင်ကြတာဖြစ်တယ်။ သူတို့အဲဒီထဲမှာ မပါဘူးဆိုတာကို ပြောချင်တာဖြစ်တယ်။ နောက်ပြီး တရုတ်ပြည် (အစိုးရ) ကလည်း သူတို့ကို ဖိအားပေးတာပါတယ်ဗျ။ သူတို့ဆီမှာ ခြေကုပ်ယူပြီး ရှုပ်နေတာတပုံကြီးလေ။ အဲဒီတော့ ဗမာပြည်မြောက်ပိုင်းက တော်တော်နာမည်ပျက်တယ်ဗျ။ အဲဒီဒေသမှာ တရုတ်ဂိုဏ်းနဲ့ပေါင်းပြီး ချနေတယ်ဆိုတဲ့ဟာ တရုတ်ပြည်မှာလည်း နာမည်ပျက်တယ်၊ နိုင်ငံတကာမှာလည်း ပျက်တယ်။ ကြည့်ရတာ အဲဒီဟာကို ထိန်းချင်တာပါတယ်။ အဲဒီဒေသတွေမှာ သူတို့ (ညီနောင်သုံးဖွဲ့) အုပ်ချုပ်ရေးတည်ထောင်ထားပြီး သူတို့သာ တရားဝင်အစိုးရဆိုတဲ့ ပုံဖော်ချင်တာလည်း ပါတာပေါ့” လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန် မာနယ်စပ်ဒေသတွေမှာ တရားမဝင်လောင်းကစား ကာစီနိုလုပ်ငန်းတွေ ကြီးစိုးသလို လူကုန်ကူးမှုနဲ့ အွန်လိုင်းကနေ လိမ်လည်မှုတွေကလည်း ကြီးထွားလာနေတာပါ။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် ကိုးကန့်အဖွဲ့ (MNDAA) တို့ ထိန်းချုပ်လှုပ်ရှားနယ်မြေဟာ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့အတွက် ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို ၃ ကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းက တရုတ်ကြားဝင်ညှိနှိုင်းမှုအရ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ (NSPNC) တို့ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလားမြို့မှာ တွေ့ဆုံခဲ့ကြပေမယ့် ရလဒ်မထွက်ဘဲ ဆွေးနွေးပွဲပျက်သွားခဲ့ပါသေးတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-Mongla News