ဒီးမော့ဆို – ဇူလိုင်(၄)

ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက လိုပူစစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ(၃)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဇူလိုင်လ(၄) ရက်နေ့ မနက်(၂) နာရီဝန်းကျင်က စစ်ကောင်စီလေယာဉ်ဟာ (၃)ကြိမ်လောက် ဝဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်စခန်းနဲ့ စာသင်ဆောင်တွေပျက်စီးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကယားပြည်နယ်ထဲက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာကာ အကြောက်တရားသွင်းနေတာဖြစ်တယ်လို့ ကရင်နီပြည် နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

“သူတို့ကတော့လူထုတွေကိုအကြောက်တရားအောက်မှာပဲ သွပ်သွင်းနေတယ်။သူတို့အနေနဲ့ဆက် ပြီးတော့မှ မထိန်းချုပ်နိုင်တဲ့ဧရိယာကိုလည်း လူထုတွေနေလို့မရအောင် လူမှုစီးပွားရေးတွေ အထူးသဖြင့် ကျောင်းတွေ ပညာရေးတွေ ဆေးရုံဆေးခန်းတွေ ထူထောင်လို့မရအောင် လူထုတွေ အကြပ်အတည်းရောက်အောင်တွန်းအားပေးတယ်ဆိုတဲ့ပုံစံ၊အကြောက်တရားနဲ့ဖိနှိပ်တဲ့ပုံစံဖြစ်ပါတယ်။” လို့ သူကပြောပါတယ်။

စစ်ကောင်စီဘက်က ဒီနေ့အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လိုပူစစ်ရှောင်စခန်း ဟာ ၂၀၂၂ ခုနှစ်ထဲက ဖွင့်လှစ်ထားတဲ့ စခန်းဖြစ်ပြီး အဲဒီမှာ အပိုင်း(၇) ပိုင်းရှိကာ အနည်းဆုံး လူ(၂၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာလည်း ဖရူဆိုအနောက်ဘက်ခြမ်းက ကျေးရွာသုံးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်စခန်းနဲ့အနီးတဝိုက်က စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရသလို ဖားဆောင်မြို့နယ်က ဝမ်းအောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၇၀၀) ကျော်သေဆုံးထားတယ်လို့ လွတ်လပ်သော အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပြီး လေယာဉ်ပစ်လက်နက် တပ်ဆင်ပေးနိုင်တာမရှိသေးတဲ့ NUG အစိုးရကိုလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.