ညောင်လေးပင် – ဇူလိုင်(၄)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွား ပြီး စစ်ကောင်စီဘက်က (၁၀) ဦးသေဆုံးကာ (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာနဲ့ ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တို့ကြား (၁) နာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က (၁၀) ဦးသေဆုံးပြီး (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ကျောက်တံခါးဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ KNLA/PDF Kyaukkyi ကဖော်ပြထားပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ရဲ့ ပစ်ခတ်မှုကြောင့် KNU-မုန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာက ဒေသခံ(၂) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသလို ရေတွင်းကုန်းကျေးရွာ အပါအဝင် ကျေးရွာ(၃) ရွာက ပြည်သူ (၁၄၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေမှာတော့ ပဲခူးတိုင်း၊ကျောက်ကြီး မြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအနီးမှာ ဇူလိုလ(၂) ရက်နေ့က စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ်တို့ကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်းတပ်ဘက်က (၂) ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုနေကြပါတယ်။
လက်တလောမှာတော့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ဦးတည်တိုက်ခိုက်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ