တနင်္သာရီ၊ ဇူလိုင်(၄)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ ဇူလိုင်(၂)ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၆၁)က သကျက်တောကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် တစ်နေ့ကုန်နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲဟာ သကျက်တော၊ လငုနဲ့တောင်ဘိန်းကျေးရွာတွေအထိ စစ်မျက်နှာကျယ်ပြန့်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် သကျက်တော၊ လငုနဲ့တောင်ဘိန်းကျေးရွာအပါအဝင် အနီးနားကျေးရွာက ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဒီနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် နှစ်ဖက်စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့အပါအဝင် PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က တပ်အင်အား ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာ၊ ရိက္ခာပို့ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့