စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထားကိုးကွယ်တဲ့ နေပြည်တော်က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအတွက် မြန်မာနိုင်ငံကခရိုနီကြီး ၁၀၁ ဦးတို့က ဇွန် ၂၉ ရက်နေ့ တစ်မနက်တည်းမှာ ကျပ် ၁၆ ဘီလီယံကျော် လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒီပမာဏက ရခိုင်မှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းအပြီး နောက်တစ်နေ့မှာ အလှူခံရရှိခဲ့တဲ့ ကျပ်ငွေ ၁၃ ဘီလီယံကျော်ထက်တောင် များပြားနေသေးတဲ့ ပမာဏဖြစ်ပါတယ်။ ဒီလိုခရိုနီတွေက စစ်ခေါင်းဆောင်ရဲ့ အလှူမှာ ပါဝင်လှူတန်းတဲ့ဲ့အပေါ်သဘောထားအမြင်တွေနဲ့ ပတ်သက်ပြီး ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) နဲ့ ဆက်သွယ်မေးမြန်းချက်။
– ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ဒီကနေ့အထိ လူထောင်ချီ ဖမ်းဆီးထောင်ချ၊ အရပ်သားရာချီ သတ်ဖြတ်၊ အိုးအိမ်သောင်းချီ မီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်ကို ဦးဆောင်နေတဲ့ စစ်ခေါင်းဆောင်တည်တဲ့ဘုရားကို အလှူပေးနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ လူမိုက်အားပေး၊အဆိပ်ပင်ရေလောင်းတာနဲ့ တူနေမလား။
အင်မတန်မှ ဆိုးရွားတဲ့ကိစ္စပါ။ ဒါတွေက ဗုဒ္ဓရဲ့လမ်းစဉ်တွေလည်း မဟုတ်ဘူး။ ဗုဒ္ဓရဲ့ တရားတော်တွေနဲ့လည်း လုံးဝမကိုက်ညီဘူး။ သူကတဖက်မှာတော့ အခုဆို ပြည်သူလူထုတွေရဲ့ နေအိမ်တွေ ခုနှစ်သောင်းကျော် ရှစ် သောင်းကျော် မီးရှို့ဖျက်ဆီးပစ်တယ်။ ရဟန်း၊ သံဃာတော်တွေကို သူတို့သတ်ပစ်တာ အပါး(၅၀)ကျော်သွား ပြီ။ လက်ရှိလည်း သူတို့ရဲ့စစ်အကျဉ်းထောင်တွေထဲမှာ မလွတ်မြောက်သေးတဲ့ ဆရာတော်တွေ၊ သံဃာတော် တွေ ရှိနေသေးတယ်။ ပြည်သူတွေဆိုရင် နှစ်သောင်းကျော် ဖမ်းဆီးခံနေရတယ်။ စစ်ဘေးရှောင်ဆိုလည်း သိန်း နဲ့ချီပြီး ရှိတယ်ပေါ့။
ပြည်သူတွေအားလုံးက တကယ်ကို ဆင်းရဲဒုက္ခရောက်နေကြတယ်။ ပူဆွေးနေကြရတယ်။ ငိုကြွေးနေကြရ တယ်။ ဒုက္ခပေါင်းစုံရောက်နေကြတဲ့အချိန်မှာ ဗုဒ္ဓရဲ့ အဆုံးအမလည်းမဟုတ်တဲ့ ဘုရားတည်၊ ကျောင်းဆောက် ဆိုတာတွေက တကယ်တမ်းကျတော့ ပြစားသက်သက်တွေပါပဲ။ ဦးဇင်းတို့ ဗုဒ္ဓရဲ့ မြတ်စွာဘုရားက ပြောထား တာဆိုရင် သက်တော်ထင်ရှားဘုရားက ဟောခဲ့တာရှိတယ်။ ငါလိုအပုပ်ကောင်ကို မင်းကထိုင်ပြီးတော့ ကြည် ညိုနေရင် ဘာမှအဓိပ္ပါယ်မရှိဘူး။ ဗုဒ္ဓဟောထားတဲ့ တရားတွေကို လက်တွေ့ကျင့်သုံး လိုက်နာခြင်းကသာလျှင် ဗုဒ္ဓကို ဖူးမြော်ရာရောက်တယ်။ ဗုဒ္ဓကို ပူဇော်ရာရောက်တယ်။ ဘုရားကိုသိတယ်မြင်တယ်။ ဗုဒ္ဓရဲ့လမ်းစဉ်က အဲဒီအတိုင်းပါပဲ။ တဖက်မှာက ဗုဒ္ဓတရားနဲ့ ဆန့်ကျင်ဘက် သတ်ချင်တိုင်းသတ်၊ မီးရှို့ချင်တိုင်းရှို့ပြီးတော့ ဘုရားတည်ပြတယ်ဆိုတာ ခုနပြောတဲ့ ဟန်ဆောင်လုပ်ခြင်းပါပဲ။ ဗုဒ္ဓ အားပေးတဲ့လမ်းစဉ်မဟုတ်ပါဘူး။ ခုန ပြောသလို ဘီလီယံနဲ့ချီလှူတာ ခရိုနီတွေဆိုရင် ခေါင်းစီးတပ်လိုက်တာပါပဲ။ ဒီခရိုနီဆိုတာ စစ်အာဏာရှင်နဲ့ ကင်းပြီး အလုပ်လုပ်လို့ရတာမဟုတ်ဘူး။ သူတို့နဲ့တည့်နေမှ အလုပ်လုပ်လို့ရတာဖြစ်တယ်။ စစ်အာဏာရှင် တွေကိုပေါင်းပြီးတော့ သူတို့ကလည်း ဘုရားအကြောင်းပြပြီး စစ်အာဏာရှင်လက်နက်ဝယ်ဖို့ စစ်အာဏာရှင်ကို ဒေါက်ထောက်ဖို့လုပ်လိုက်တာပါပဲ။ ပြည်သူလူထုတွေ အင်မတန်မှ ဆင်းရဲငတ်ပြတ်နေချိန်မှာ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်ပြီးတော့ ဘုရားဒကာလုပ်ပြတာ ဒါဘုရားကို စော်ကားတာပဲ။ ဘုရားမျက်နှာကို အိုးမည်း သုတ်တာပဲ။ လက်ရှိသံဃာတော်သုံးသိန်းကျော်ကို မျက်နှာအိုးမည်းသုတ်လိုက်တာပဲ ။ ယနေ့အထိ သံဃာတော်တွေကို ဖမ်းဆီးထောင်ချတယ်။ ၂၀၀၇ကလည်း ငြိမ်းချမ်းစွာနဲ့ မေတ္တာသုတ်ရွတ်တဲ့ သံဃာတော် တွေကို သတ်ပစ်တယ်။ ဒါခေတ်အဆက်ဆက်သူတို့ လုပ်ခဲ့တာပါပဲ။
စစ်အာဏာရှင်တွေက နေဝင်းတုန်းက မဟာဝိဇယစေတီကြီးတည်ပြတာပဲ။ သန်းရွှေတုန်းကလည်း ကျော်တော် ကြီးဘုရားတို့၊ စွယ်တော်ဘုရားတို့ ဘုရားတွေတည်ပြခဲ့တာပဲ။ ဒါကစစ်အာဏာရှင်တွေက သူတို့လုပ်ရပ်ကို ဘု ရားနဲ့ကာဗာလုပ်ပြီး ဖုံးကွယ်ခြင်းပါပဲ။ ခုတုံးလုပ်လိုက်တာပါပဲ။ ထပ်ပြီးစော်ကားလိုက်တာပါပဲ ။ ဒီလိုမျိုး စော် ကားတာကို သိသိကြီးနဲ့ ဘီလီယံနဲ့ချီပြီး သွားလှူတယ်ဆိုတာ တကယ့်ကို အဆိပ်ပင်ရေလောင်းတယ်။ လူမိုက်ပို သတ်နိုင်အောင် လူမိုက်အားရှိအောင်လုပ်ခြင်းပါပဲ။ သွားလှူတဲ့သူတွေကလည်း သမိုင်းတရားခံတွေပါပဲ။ တစ် ချိန်ကျရင် ခုံရုံးမှာတင်ပြီး အပြစ်ပေးခံရမှာ ဒီလူတွေသွားပြီးတော့ ထောက်ပံ့လှူဒါန်းနေကြတဲ့အတွက်ကြောင့် ဦးဇင်းတို့ ပြည်သူလူထုတွေဟာ မသေသင့်ပဲ သေဆုံးနေကြတာ၊ အသတ်ခံနေရတာ နေ့စဉ်နဲ့အမျှ တိုင်းပြည်ရဲ့ ရတနာလေးတွေ၊ ဆရာဝန်လေးတွေ၊ ဆရာမတွေ၊ အင်ဂျင်နီယာတွေ ဒါတိုင်းပြည်ရဲ့ ရတနာတွေပဲ။ ဒီကောင်တွေက ပြည်သူတွေကို ညှင်းပန်းသတ်ဖြတ်မှုတွေ လုပ်လာလို့ နားကြပ်ကိုင်နေတဲ့လက်တွေ၊ မြေဖြူ ကိုင်နေတဲ့လက်တွေ၊ တိုင်းပြည်ရဲ့ ရတနာလေးတွေက တိုင်းပြည်အတွက် အသက်စွန့်ခြင်း၊ ကာကွယ်ခြင်းဆို တဲ့ အလုပ်ကိုလုပ်လာကြရတာပါ။ အသက်တွေပေးဆပ်နေကြရတာပါ။ ဒါဘာလို့ဆို လူမိုက်အားပေးနေကြတဲ့ ခရိုနီရော၊ သီတဂူတို့၊ ဆေကိန္ဒတို့၊ မဘသတို့ ဒီဘုန်းကြီးတွေကလည်း သမိုင်းတရားခံထဲပါတယ်။ အဆိပ်ပင် ရေလောင်းပဲ။ ဒါတွေက တစ်ချိန်ကျရင် ပြည်သူ့ခုံရုံးမှာ တရားစွဲအပြစ်ပေးခံရမှာ။ ဘာလို့ဆို သူတို့အားပေးအား မြှောက်မှုတွေဟာ ယနေ့ မသေသင့်ပဲ သေနေကြတာ။ အသတ်ခံနေရတာ သူတို့လည်းပါတယ်ဆိုတာ ဦးဇင်း ပြောလိုပါတယ်။
-ဒီလိုမျိုး မင်းဆိုးမင်းညစ် ဘုရားတည်တာကို ခရိုနီတွေ အလှူပေးနေတဲ့ဟာမျိုးက ဗုဒ္ဓမြတ်စွာဘုရားလက်ထက်မှာ ရှိခဲ့ဖူးလား။ဘုရားဟောကြားထားတဲ့ ဘယ်သုတ္တန်ထဲမှာပါပါသလဲ။
ရှေ့မှာလည်း ဦးဇင်းပြောသလိုပဲ။ ဘုရားတည်ခြင်းအမှုက တကယ်တမ်းကျတော့ ဦးဇင်းတို့ ဗုဒ္ဓလက်ထက်မှာလည်း မရှိပါဘူး။ ဒါဗုဒ္ဓက အထင်အရှားပြောထားခဲ့ပြီးသားပါပဲ။ သက်တော်ထင်ရှားဘုရားကို ဒီလိုလာပြီး ပူဇော်နေလို့မရဘူး။ ဒီရုပ်ပွားတော်တွေဆိုတာ သိကြတဲ့အတိုင်းပဲ ပိုတောင်ဆိုးပါတယ်။ ဗုဒ္ဓက ကိုယ့်ကျင့်တဲ့ တရားကပဲ ကိုယ့်ကို ပြန်စောင့်ရှောက်တယ်။ ဗုဒ္ဓကတရားကို လက်တွေ့ကျင့်သုံးဖို့ပဲ ဟောတာပါ။ ဒါဗုဒ္ဓလမ်း စဉ်တော့ မဟုတ်ဘူး။ သူတို့ ဘုရားတည်ကျောင်းဆောက်နေခြင်းဟာ သတ်ခြင်းတိုင်းသတ်ဖြတ်နေတာကို ကာဗာလုပ်တာ ဖြစ်ပါတယ်။ ဦးဇင်းတို့ ဗုဒ္ဓစာပေတွေနဲ့ကြည့်မယ်ဆိုရင် ဒီကောင်တွေလုပ်နေတာက တစ်ချက်မှ မညီညွတ်ဘူး ။ ကျမ်းဂန်အထောက်အထားတွေနဲ့ ကြည့်မယ်ဆိုရင် ဘယ်နေရာနဲ့မှ မညီညွတ်ပါဘူး။ ဗုဒ္ဓရဲ့အ ဆုံးအမနဲ့လမ်းစဉ်တွေနဲ့ သွေဖယ်ပြီးလျှောကနေတဲ့ လမ်းစဉ်တွေဖြစ်တယ်လို့ ဦးဇင်းပြောချင်ပါတယ်။
-နိုင်ငံ့အာဏာကိုမတရား အတင်းလုယူထားပြီးတော့ မကောင်းမှုတွေ၊ မတရားမှုတွေများစွာ လုပ်ဆောင်နေသူ က ဘုရားတည်နေတာကရော ကုသိုလ်တကယ်ရရဲ့လား။ ဒါမှမဟုတ် သူလုပ်ခဲ့တဲ့ အကုသိုလ်တွေကို ချေဖျက်ပေးနိုင်မယ်လို့ ယုံကြည်နေတာမျိုးလားဆိုတာ မိန့်ကြားပေးပါဦး။
ဗုဒ္ဓရဲ့တရားတွေကတော့ ရှင်းပါတယ်။ ဦးဇင်းတို့ ဗုဒ္ဓရဲ့တရားတွေဟာ လက်တွေ့လိုက်နာကျင့်သုံးတယ်ဆိုရင် အေးငြိမ်းခြင်းဆိုတဲ့၊ အပြစ်ကင်းခြင်းဆိုတဲ့ ဥစ္စာတွေကို ခံစားရမှာပါ။ ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ဆန့်ကျင်ဘက် ဗုဒ္ဓကမလုပ်နဲ့ သတ်ခြင်းတွေ၊ ခိုးခြင်းတွေ၊ ပြည်သူတွေအပေါ်မှာ နှိပ်စက်ခြင်းတွေကို မလုပ်နဲ့ဆိုတာကို သွားပြီးကျုးလွန်တယ်ဆိုရင် ဒါမီးကိုကိုင်လိုက်တာပဲ။ တနည်းအားဖြင့်ပြောရင် မီးတွင်းထဲ ခုန်ဆင်းလိုက်တာ ပဲ။ ယနေ့မင်းအောင်လှိုင်က အာဏာသိမ်းလိုက်တဲ့နေ့တည်းက သူကငရဲကျနေပြီ။ ဗုဒ္ဓလက်ထက်မှာလည်း ရှိပါ တယ်။ မသေခင်တည်းက ငရဲကျပြီး ဝက်သတ်သမားတို့ဆိုရင် ဒါမသေခင်ကတည်းက သူ့အိမ်ထဲမှာ ငရဲမီး တက်လောင်တာ။ အခုလည်း မင်းအောင်လှိုင်ကို ကြည့်မယ်ဆိုရင် သူ့ရင်ထဲ ငရဲမီးလောင်နေတာ။ သူ့မျက် နှာကို ကြည့်ရင်သိတယ်။ ဘယ်သွားသွား စိုးရိမ်နေရတယ်။ ပူပန်နေရတယ်။ တမလွန်ပြန်ကြည့်မယ်ဆိုရင် လည်း မဟာအဝီဇိငရဲကို သွားရမှာပါပဲ။
ဗုဒ္ဓကလည်း သတ်ချင်တိုင်းသတ်ပြီးတော့ ဘုရားတည်ပြီး ဖုံးကွယ်လို့ရတယ်လို့ ဘယ်နေရာမှ ဟောထားတာ မရှိဘူး။ ဒါတွေကို အားလုံးက ထင်ထင်ရှားရှား သိကြမြင်ကြဖို့ အရေးကြီးပါတယ်။ ယနေ့မင်းအောင်လှိုင် လုပ်နေတဲ့ လုပ်ရပ်တွေဟာ အဆိုးလမ်းစဉ်ကို လုပ်နေတဲ့အတွက် သူ့စိတ်ထဲမှာလည်း နေ့တိုင်း ပူလောင်နေရ မှာပါပဲ။ ဒါလောက ငရဲပါပဲ။ ရဟန်းသံဃာတော်တွေကို သတ်ဖြတ်တာ၊ ထောင်ချတာ၊ နှိပ်စက်တာ၊ မီးတွေရှို့ တာ အဲဒီအပူတွေ သူ့ရင်ထဲမှာပြန်ပြီးတော့ ဒီအမှားတွေကို လုပ်မိလေခြင်းဆိုတာ နေ့စဉ်နဲ့အမျှ ငရဲမီးလောင် တာပါပဲ။
မင်းအောင်လှိုင်လုပ်နေတဲ့အလုပ်က ဘယ်လိုနည်းနဲ့မှပြန်ပြီး ဖုံးကွယ်လို့မရတဲ့အလုပ်ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့လမ်း စဉ်ဆိုတာ မှားတာကိုသိရင် သိတာနဲ့ ချက်ချင်းစွန့်လွှတ်ရမယ်။ စွန့်လွှတ်ပြီး အမှန်လမ်းကို လျှောက်ရမယ်။ အခုကသူတို့က စွန့်လွှတ်တာမဟုတ်ပဲ အမှားတွေကို ဆက်ကျူးလွန်ရင်း ကျူးလွန်ရင်းအမှားကို မစွန့်လွှတ်ပဲ ဘုရားတည်ပြတာက လုံးဝ၊ လုံးဝအပြစ်တွေ မကင်းပါဘူး။ ခုနပြောတဲ့ တူသောအကျိုးဟာ တထပ်တည်းကျ တယ်ဆိုတဲ့အတိုင်း မီးကိုသွားကိုင်လိုက်တယ်။ မီးပုံထဲခုန်ဆင်းလိုက်ရင် ပူတယ်ဆိုတာ သူဟာပူလောင်စေတဲ့ ပြည်သူတွေရဲ့ အပူမီးတွေ။ ပြည်သူကို ပူလောင်အောင် လုပ်လိုက်တာ အခုတော့ အဲဒီအပူမီးတွေ ခံစားနေရပါပြီ။ မသေခင်တည်းက ငရဲကျနေပါပြီ။ သူမလုံခြုံတော့ဘူး။ စိတ်တွေ ပူလောင်မှုတွေ ဖြစ်နေရပြီ။ နောင်တမလွန်မှာလည်း ကျိန်းသေငရဲကျမယ်လို့ ငရဲအိုးမှာ ချိုးကပ်မယ်လို့ ဖြေကြားပေးလိုက်ပါတယ်။