နွေဦးတော်လှန်ရေးမှာ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဘောင်တန်းပြီး အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က ဇူလိုင် (၁)ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

KNPLF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး KNDF၊ KA ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီရဲ့ မယ်စဲ့ ရဲစခန်း၊ဗျူဟာကုန်း နဲ့ နယ်စပ် တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ CRPH တို့နဲ့လည်း နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်တွေကို ပူးတွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေကြောင်း ထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြလာပါတယ်။

ဒါကြောင့် BGF အဖြစ်ကနေ KNPLF အဖြစ်ပြောင်းပြီး တော်လှန်ရေးမှာပါဝင်ဖြစ်ခဲ့ပုံ၊ ရှေ့ဆက်ဆောင်ရွက်မယ့် လှုပ်ရှားမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး KNPLF အထွေထွေအတွင်းရေးမှူး- ဦးလောရင်းစိုးနဲ့ ဆက်သွယ် မေးမြန်းချက်။

– ဆရာတို့အနေနဲ့ ပထမဆုံး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ဘယ်လိုစဖြစ်ခဲ့တာလဲဆရာ။ ဘယ်လိုအခြေအနေတွေကြောင့် BGF အဖြစ်ကနေ KNPLF ပြောင်းပြီး တော်လှန်ရေးမှာ ပေါ်ပေါ်ထင်ထင်ပါဝင်ဖြစ်ခဲ့တာ လဲခင်ဗျ။

ကျွန်တော်တို့ စစ်ကောင်စီကို ပြန်တိုက်တဲ့အကြောင်းရင်းက ကျွန်တော်တို့ ကြေငြာချက်ထဲမှာ ပါပြီးသားဖြစ်ပါ တယ်။ ကျွန်တော်တို့ နယ်ခြားစောင့်တပ် BGF က ပြန်တိုက်နိုင်တယ်ဆိုတာကလည်း ဒါနိုင်ငံရေးအတွေးအခေါ် နိုင်ငံရေးရဲ့ လမ်းညွှန်မှုပြန်တိုက်ဖို့အတွက် စိတ်ဓာတ်မရှိရင်တော့ ချက်ချင်းကျွန်တော်တို့ရဲ့ ညွှန်ကြားမှုနဲ့ ကျွန်တော်တို့ရဲ့ ဦးဆောင်မှုနောက်မှာ တစ်ခါတည်းပါဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကလည်း အဖွဲ့အစည်းရဲ့ နိုင်ငံရေးအရ ပြင်ဆင်မှုပါ။ အခုလို နယ်ခြားစောင့်တပ် တပ်ရင်းအနေနဲ့ ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုလုံး အနေနဲ့ ညီညီညွတ်ညွတ်နဲ့ပူးပေါင်းပြီး  ပြန်တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်က ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ နဂိုမူလတပ်ရင်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အပစ်ခတ်ရပ်စဲခဲ့တဲ့ တစ်လျှောက်လုံး မှာလည်း ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ တပ်ရင်းတွေကို နိုင်ငံရေးအတွေးအခေါ်အရ ကျွန်တော်တို့ အမြဲတမ်း တည်ဆောက်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ရန်သူကိုပြန်တိုက်ရမယ်ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံ ရေးဦးဆောင်မှုမရှိပဲနဲ့ ဒီလိုချက်ချင်း လက်ငင်းအားလုံး ပါဝင်တိုက်ခိုက်က မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအတွေးအခေါ်နဲ့ တည်ဆောက်ထားတဲ့ တပ်တစ်ခုဖြစ်လို့ ညီညီညွတ်ညွတ်နဲ့ အခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်နိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။

-နောက် KNPLF အနေနဲ့ နယ်ခြားစောင့်တပ်ကနေပြန်ပြောင်းပြီး တိုက်ပွဲပြန်ဝင်တဲ့အခု အဓိက စိန်ခေါ်မှု၊ အခက်အခဲတွေက ဘာတွေရှိခဲ့ပါသလဲခင်ဗျ။

ကျွန်တော်တို့နေတဲ့ နယ်ခြားစောင့်တပ်ရင်းတွေက နဂိုတည်းက မူရင်းတပ်ရင်းဖြစ်တယ်။ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ၊ ပေါ်လစီအရ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ညွှန်ကြားမှု၊ ဦးဆောင်မှုနဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ပဲ သွားနေတာဖြစ်တယ်။ ဒီကနေ့ ကျွန်တော်တို့ ရန်သူကို ပြန်တိုက်တဲ့အချိန်မှာ ကျွန်တော်တို့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုမရှိပါဘူး။ အခက်အခဲမရှိပါဘူး။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုရှိတာက တစ်နိုင်ငံ လုံးအတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ ညီညွတ်ရေးတည်ဆောက်တဲ့နေရာမှာ ကျွန် တော်တို့အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကလည်းအားလုံးက ဘုံရန်သူတစ်ခုတည်းရှိတယ်ဆိုတဲ့ အခြေခံ စိတ်ဓာတ်တစ်ခုတည်းနဲ့ ပြည်သူလွတ်မြောက်ဖို့၊ ကျွန်တော်တို့တိုင်းပြည် လွတ်မြောက်ဖို့အတွက် အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းရမယ်ဆိုတဲ့ အသိကို မဖြစ်မနေတည်ဆောက်ရမယ်ဆိုတာ ကျွန်တော်တို့ အတိအလင်း ပြောချင်ပါတယ်။

– ပြီးခဲ့တဲ့ရက်က အခုလို စစ်ကောင်စီကိုတော်လှန်တာက KNPLF တစ်ခုလုံးရဲ့ ဆန္ဒမဟုတ်ဘူးဆိုပြီး ဒုဥက္ကဌ နာမည်နဲ့ ထုတ်ပြန်ချက်တွေ့ပါတယ်။ KNPLF က အခု ၂ခြမ်းကွဲနေတာလားဆရာ။ ဘယ်လိုအခြေအနေ တွေဖြစ်ပေါ်နေတာလဲခင်ဗျ။ ဆရာတို့ဘာဆက်လုပ်သွားမလဲခင်ဗျ။

ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခြမ်းကွဲတယ်ဆိုတာ လောလောဆယ် အနေအထားက မဟုတ်ပါဘူး။ ကျွန်တော် တို့ အဖွဲ့အစည်းရဲ့ ကြေငြာချက်က ဒါဗဟိုကော်မတီတစ်ခုလုံးရဲ့ သဘောထားဖြစ်ပါတယ်။ တပ်တစ်ခုလုံးရဲ့ သဘောထားဖြစ်ပါတယ်။ မီဒီယာတွေ အားလုံးသိတဲ့အတိုင်းပဲ မနေ့ကတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဒုဥက္က ဌနှစ်က အဲဒါကိုတ့ုံပြန်တဲ့ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်တာရှိပါတယ်။ အဲဒါကလည်း သူတို့ကြေညာချက်ကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါတစ်ဦးတစ်ယောက်ရဲ့ သဘောထားဖြစ်ပါတယ်။ အများစုမဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာက တစ်ဦးတစ်ယောက်ရဲ့ သဘောထားက ဘာမှလုပ်လို့မရဘူး။ ကျွန်တော် တို့က စုပေါင်းခေါင်းဆောင်မှုနဲ့ တစ်ဦးချင်းတာဝန်ယူမှုဆိုတဲ့ မူပေါ်လစီက ရှိထားပြီးသားဖြစ်ပါတယ်။ စုပေါင်း ခေါင်းဆောင်မှုမှာ စုပေါင်းဆုံးဖြတ်ချက်နဲ့ စုပေါင်းတာဝန်ယူမှုနဲ့ ဒီလိုမှမဟုတ်ရင် ဒီလိုတစ်ဦးတစ်ယောက်ရဲ့ သဘောထားနဲ့က ဘာမှလုပ်လို့ မရပါဘူး။ အဲဒါကို ကျွန်တော်တို့အဖွဲ့အစည်းက နှစ်ခြမ်းကွဲတယ်ဆိုတာ လောလောဆယ်အနေအထားက မဖြစ်နိုင်ပါဘူးဗျ။

-KNPLF အခုဘယ်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါသလဲ။ ပြည်နယ်အတွင်းမှာရော ချိတ်ဆက်ပြီး ဘာတွေလုပ်ဆောင်နေပြီလဲခင်ဗျ။

ပြည်နယ်အတွင်းမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စစ်အာဏာရှင်စနစ် စစ်အုပ်စု၂၀၀၈ အခြေခံဥပဒေ တပြိုင်တည်းတိုက်ဖျက်မယ်ဆိုတဲ့ အသင်းအဖွဲ့တွေ ဆိုတဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီအားလုံးနဲ့ ကျွန်တော်တို့ နိုင်ငံရေးအရ၊ စစ်ရေးအရ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု လုပ် နေပါတယ်။ အခုလည်း လုပ်နေပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အာဏာရှင်စနစ်ကို ခုခံတော်လှန်တိုက်ခိုက် နေတဲ့ လက်နက်ကိုင်အင်အားစု၊ နိုင်ငံရေးပါတီ၊ တခြားအသင်းအဖွဲ့တွေ အားလုံးနဲ့လည်း ကျွန်တော်တို့ ချိတ် ဆက်နေပါတယ်။ ကျွန်တော်တို့ အခုပြည်နယ်အတွင်းမှာ စစ်ရေးအရညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့မှ စစ်အာဏာရှင်ကို တိုက်ထုတ်နေတာ။ အဲဒီအောင်မြင်မှုက မြင်တွေ့နေရတဲ့ မယ်စဲ့ခရိုင်တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒါကျွန်တော်တို့ အားလုံးညီညွတ်လို့ အောင်ပွဲရလာတာဖြစ်ပါတယ်။ အဲဒီ လိုပဲ တစ်နိုင်ငံလုံး လက်နက်ကိုင်အင်အားစုအားလုံးနဲ့ ဒီလိုညီညီညွတ်ညွတ်နဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ ဒီမယ်စဲ့ရဲ့တိုက်ပွဲက အတုယူပြီးတော့ တစ်နိုင်ငံလုံးကို ဆက်ချီတက်ကြမယ်ဆိုတာ အခိုင်အမာ ပြော နေတာဖြစ်ပါတယ်။ အဲဒါကလည်း ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ ကျန်တဲ့လက်နက်ကိုင် အင်အားစုအားလုံးနဲ့အတူ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ ဘုံရန်သူအာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။

– KNPLF အနေနဲ့ လာမယ့်ကာလတွေမှာ ဘယ်နယ်မြေတွေမှာ အဓိကလှုပ်ရှားသွားမလဲဆရာ။ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အသိပေးလို့ရတာလေးတွေ ပြောပြပေးပါဦးခင်ဗျ။

ကျွန်တော်တို့ KNPLFဆိုတာက ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဉီး အဲ့ဒီနာမည်က ကယားပြည်နယ်ကို အခြေခံတာ ကရင်နီပြည်နယ်ကို အခြေခံတာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေးအရ ကျွန်တော်တို့က တနိုငငံလုံး အာဏာသိမ်းဖို့က အဂိကဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံက ပြည်ထောင်စုဖြစ်ပါတယ်။ကျွန်တော်တို့ ပြည်နယ်သည် ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ပြည်ထောင်စု မလွတ်မြောက်ပဲ ကျွန်တော်တို့ ပြည်နယ် အစိတ်အပိုင်းတစ်ခု လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။အဲ့ဒါကြောင့် ကျွန်တော်တို့ ပြည်ထောင်စု တစ်ခုလုံး လွတ်မြောက်အောင် ကျွန်တော်တို့က တစ်နိုင်ငံလုံးနဲ့ ချိတ်ဆက်ပြီးတော့ စစ်ရေးအရ နိုင်ငံရေးအရ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ပြီးတော့မှ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ပြည်သူလူထုနဲ့အတူ ဘုံရန်သူ အာဏာရှင်စနစ်ကို ဉီးတည်တိုက်တဲ့ မည်သည့်အဖွဲ့အစည်းမဆို တစ်နိုင်ငံလုံးမှာရှိတဲ့ နိုငငံရေးပါတီ လက်နက်ကိုင်တွေရော အရပ်ဖက်အဖွဲ့တွေ ဘယ်အသင်းအဖွဲ့နဲ့မဆို ဘုံရန်သူကို ဆန့်ကျင်တဲ့ အသင်းအဖွဲ့ မှန်သမျှနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှ အာဏာရှင်စနစ်ကို ဆက်တိုက်သွားမယ်ဆိုတာ ကျွန်တော်တို့ ပြောပြီးသားဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.