ကျိုက်ထို၊ ဇူလိုင်(၄)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုနဲ့သဲဖြူချောင်းကျေးရွာတို့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်းကျွဲကောခြံအနီး ရန်ကုန်-မော်လမြိုင်လမ်းဘေးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားကားနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၂၀၇)က တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

တဆက်တည်း အဲဒီနေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ သဲဖြူချောင်းကျေးရွာ ကျိုက်ထိုနဲ့ဘီးလင်းအစပ် သံတံတားစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၁၄ ချပြီး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ဒီနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ဆောင်နိုင်ကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အတွက် ဘုန်ကြီးတစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

KNU ကျိုက်ထိုမြို့နယ်မှာ ဒီလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေးပိုမိုတင်းမာလာသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- သထုံPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.