နေပြည်တော်၊ ဇွန်(၂၈)

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတစ်ကြိမ်မှ မဖြစ်ဖူးသေးတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ဆွေးနွေးနေတယ်လို့ စစ်တပ်ထိန်းချုပ်တဲ့ သတင်းစာမှာ ဖော်ပြပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် (EAO) ၅ ဖွဲ့ဟာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ ဖိတ်ခေါ်ချက်အရ ဇွန် ၂၆ ရက်နေ့ကစပြီး နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးနေတာပါ။

ဒီဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကိုယ်စားလှယ်တို့က တက်ရောက်ဆွေးနွေးနေတာပါ။

ပထမနေ့ ဖြစ်တဲ့ ဇွန် ၂၆ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြင်ဆင်လိုတဲ့အချက်တွေ၊ အရင်ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတွင်းတည်ငြိမ်ရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဇွန် ၂၇ နဲ့ ၂၈ ရက်နေ့တို့မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ အပစ်ရပ်ထိုးထားတဲ့ EAO အဖွဲ့အစည်းတချို့က ပြောရေးဆိုခွင့်ရှိသူတွေထံ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲဟာ တစ်နိုင်ငံလုံးနီးပါးအနှံ့ အရှိန်အဟုန်ပြင်းထန်လာနေတာကြောင့် ငြိမ်းချမ်းရေးညီလာခံ ဖြစ်လာနိုင်စရာမရှိဘူးလို့ သုံးသပ်ကြပါတယ်။

စစ်တပ်အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ EAO ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ EAO ၃ ဖွဲ့တို့ ၄ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.