ရေး – ဇွန်(၂၅)

မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု‌ကြောင့် ကနဦး အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဇွန်လ(၂၅) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင်မှာ နှစ်ကရင်ကျေးရွာက စစ်ကောင်စီ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ရဟတ်ယာဉ်‌တွေအပြင် အမြောက်တွေပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေပိုမို တိုးလာနိုင်ဖွယ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“အ‌ခြေအနေ တော်တော်ဆိုးတယ်၊ အခုထိ ကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူး၊ တခြားရပ်ကွက်တွေမှာ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကြားရတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်(၂) စီးနဲ့ ရွာအပြင်ဘက်ကို လာရောက် ပစ်ခတ်သွားခဲ့ပေမယ့် ညနေ (၃) နာရီဝန်းကျင်မှာ ပစ်ခတ်သံတွေ တိတ်သွားခဲ့တယ်လို့ သူက ပြောပါသေးတယ်။

သံလွင်တိုင်းမ်အနေနဲ့ နှစ်ကရင်ကျေးရွာရဲ့ မြေပြင်အခြေအနေကို အသေးစိတ်စုံစမ်းနေပြီး ထိခိုက်မှုအခြေအနေကို ထပ်မံ တင်ပြသွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၄) ရက်နေ့ ညပိုင်းကလည်း သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအတွင်း KNU တပ်ဖွဲ့လာရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သက္ကော့-ဘုရားသုံးဆူ လမ်းခွဲမှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက်(၆၀) ဝန်းကျင် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.