မွန်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်အာဏာသိမ်း ၂ နှစ် ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ရာကနေ ထိုးစစ်အသွင်အထိ တိုက် ပွဲတွေ ဖော်ဆောင်လာတာပါ။ အဲဒီထဲမှာ မွန်ပြည်နယ်ရဲ့ ရေးမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ် တောင်ပိုင်းတို့ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီကလည်း နယ်မြေတချို့ကို လက်လွှတ်ထားရပါတယ်။

ဒါကြောင့် အဲဒီဒေသတွင်း စစ်ရေးအခြေအနေ၊ စစ်ကောင်စီဘက်က ပြင်ဆင်လာတဲ့ စစ်ရေး၊ တော်လှန်ရေး အင်အားစုတွေ ဘယ်လောက်အထိ ထိန်းချုပ်နိုင်ပြီလဲဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေး တပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး မော်လမြိုင်ခရိုင်အတွင်းက အထူးသဖြင့် ရေး၊ သံဖြူဇရပ်တို့မှာဆို စစ်ကောင်စီတပ်အနေနဲ့ ဒီနှစ်နှစ်ကျော်အတွင်း ဘာတွေများထိခိုက်ပျက်စီဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေလဲ။ ဘာတွေ လက်လွှတ်ထားရပြီလဲ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတဲ့နောက်ပိုင်း ပြည်သူတွေ တော်လှန်ခဲ့တဲ့ ၂နှစ်ခွဲကျော်ကာလအတွင်းမှာ ကျွန်တော်တို့ မော်လမြိုင်ခရိုင် ရေးနဲ့သံဖြူဇရပ်တောင်ပိုင်းတွေ မှာ စစ်ခွေးတွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ လုံးဝပျက်ပြားသလောက် ဖြစ်နေတယ်လို့ ပြောလို့ရ တယ်။ ရာဇဝတ်မှုတွေ၊ ခိုးမှုတွေ အထူးသဖြင့်အဆမတန်တိုးပွားလာတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ရွာကြီးတစ်ချို့ကို အချိန်မရွေးဝင်ထွက်သွားလာနိုင်တယ်။ ရေးမြို့နယ်နဲ့ သံဖြူဇရပ် တောင်ပိုင်းမှာရှိတဲ့ ရဲစခန်းအတော်များများ ပိတ်သိမ်းလိုက်ရတယ်။ စွန့်ခွာခဲ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ခွေးတွေရဲ့ နယ်မြေထိန်းချုပ်ခြင်းက တော်တော်လေးကို ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ ပြောလို့ရပါ တယ်။

– ရေး၊သံဖြူဇရပ်မှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ ဒီကနေ့အချိန်မှာ စစ်ကောင်စီကို ဘယ်လောက်အထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီလဲ။ နယ်မြေစိုးမိုးထိန်းချုပ်မှု ဘယ်လောက် အတိုင်းအတာထိ ရှိနေပြီလဲ။

ဒီတော်လှန်ရေးကြီး အမြန်ဆုံးပြီးဆုံးဖို့အတွက် ကျွန်တော်တို့ အဖွဲ့အစည်းတွေ အားလုံးကတော့ အစွမ်းကုန် တတ်အားသမျှ တိုက်ပွဲဝင်နေတယ်လို့ ပဏာမပြောချင်တယ်။ တော်လှန်ရေးအချင်းချင်းတွေကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုထိရောက်စွာ လုပ်နိုင်ခဲ့တယ်။ စစ်ကြောင်းကြီးတွေ ဖွဲ့နိုင်ခဲ့တယ်။ နောက်ထပ်လည်း ဖွဲ့ဖို့ စီမံထားတာတွေ ရှိတယ်။ ဒါပေမယ့် တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် စစ်ခွေးတွေရဲ့ လေကြောင်း ရန် တိုက်ခိုက်မှုကို ကာကွယ်နိုင်မှုအခြေအနေ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုကို ငဲ့ညှာပြီး တော့ နယ်မြေထိန်းချုပ်မှုကိုတော့ မလုပ်နိုင်သေးပါဘူး။ မလုပ်သေးပါဘူး။ အခုချိန်မှာတော့ ပြီးတော့ မော်လ မြိုင်၊ ရေး၊ ထားဝယ် ကားလမ်းပေါ်မှာတော့ ဒီစစ်ခွေးတွေက တော်ရုံတန်ရုံအင်အားနဲ့ မသွားရဲတဲ့ အခြေအနေ ကို ရောက်နေပြီ။ သာမန်အရပ်သားပြည်သူတွေစီးတဲ့ ကားတွေနဲ့ခိုးကြောင်ခိုးဝှက်သွားနေရတဲ့ ဘဝကိုရောက်နေပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အ စည်းတွေက ထိုက်သင့်သလောက် ကန့်သတ်ချက်နဲ့ထိန်းချုပ်မှုတွေ ရှိနေပြီလို့ ကျွန်တော်ပြောချင်ပါတယ်။

-စစ်ကောင်စီဘက်ကရော အဲဒီဒေသတွေကို အခုချိန်မှာ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်သေးလဲ။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီဘက်က မြို့ပြဒေသနဲ့ သူတို့ရဲ့စစ်တပ်အခြေစိုက်စခန်း တည်ရှိရာ အနီးနားပတ်ဝန်းကျင်လောက်မှာတင် သူတို့ထိန်းချုပ်မှု ရှိတယ်။ အခုဆိုရင် စစ်ကောင်စီတပ်တွေက ပုံမှန် နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာတောင် သူတို့လုပ်တာတွေ မမြင်ရတော့ဘူး။ ဆိုတော့ပြောချင်တာက မြို့ပြဒေသနဲ့ စစ်ကောင်စီအခြေစိုက်စခန်းတည်ရှိရာ အနီးအနားတဝိုက် ပတ်ဝန်းကျင်ကလွဲလို့ရှိရင် တခြားဒေသတွေမှာ သူတို့ရဲ့ ထိန်းချုပ်မှုတွေ လုံးဝမရှိတော့ဘူးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်ခင်ဗျ။

-အာဏာစသိမ်းတဲ့နှစ်ကာလတလျှောက်နဲ့ လက်ရှိ အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ရောက်လာတဲ့ အချိန်မှာ စစ်ကောင်စီဘက်ကနေ စစ်ရေးပုံစံတွေက ဘယ်လိုတွေ ပြောင်းလဲဖြစ်ပေါ်နေလဲ။

အာဏာသိမ်းပြီးစကာလမှာ စစ်ကောင်စီတပ်တွေက သူတို့ရဲ့လက်နက်အားသာမှုအရ အင်အားအနည်းငယ် လောက်နဲ့ လှုပ်ရှားမှုတွေလုပ်တယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်တယ်။ အာဏာသိမ်းပြီး ၂နှစ်ခွဲကျော်ကြာ လာတဲ့အခါကျတော့ ဒီစစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းသုံးပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကို ကျွန်တော်တို့ တွေ့ရတယ်။ ရဟတ်ယာဉ်တွေ၊ ဂျက်ဖိုက်တာတွေအကူနဲ့ပါ ချေမှုန်းတိုက်ခိုက်လာတာကို ကျွန်တော်တို့ တွေ့ရတယ်။ စစ်ကောင်စီတပ်တွေ အင်အားချို့တဲ့လာတဲ့အပေါ်မှာ သူတို့ရဲ့ကင်းစခန်းတွေ၊ နောက်ပြီးတော့ တံတားလုံခြုံရေးလို နေရာမျိုးတွေမှာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ BGFတွေ နဲ့ အစားထိုးဖွဲ့စည်းလာတာကို တွေ့ရတယ်။ တဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေက ပိုမိုစုစည်းလာ နိုင်တယ်။ အရင်က ပြောက်ကျားစစ်ပုံစံနဲ့ စစ်ခွေးတွေကို တော်လှန်တိုက်ခိုက်နေရာကနေ အခုထိုးစစ်ဆင်တိုက် နိုင်ဖို့ စစ်ကြောင်းကြီးတွေ ကျွန်တော်တို့ ဖွဲ့လာနိုင်တယ်။ အခွင့်သာရင်သာသလို ထိုးစစ်ဆင်မှုတွေလည်း ကျွန်တော်တို့ လုပ်လာနိုင်တယ်။ အဲဒီလိုပြောင်းလဲမှုတွေ ရှိလာတယ်လို့ ပြောချင်ပါတယ်။

-နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အခြေအနေအပေါ် သုံးသပ်ပြောကြားပေးပါဦး။

ခုနကပြောသလို စစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဝင်နေကြတော့ စစ်ကောင်စီတပ်သားတွေ အကျအဆုံးအရမ်းများတဲ့အပေါ်မှာ သာမန်လုံခြုံရေးကိစ္စတွေက တံတားလုံခြုံရေးကိစ္စတွေမှာ ပြည်သူ့စစ်တွေနဲ့ အားထုတ်လာတာကို ကျွန်တော်တို့ တွေ့ရတယ်။ လာမယ့်ပွင့်လင်းရာသီမှာတော့ စစ်ကောင်စီကနေ တော်လှန်ရေးအင်အားစုတွေကို တိုက်နိုင်ဖို့ထက် သူတို့ရဲ့လက်ရှိထိန်းချုပ်ထားတဲ့ မြို့ကြီးတွေနဲ့ စစ်တပ်စခန်း အခြေစိုက်ရှိရာ ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ်မှာ ကြံ့ကြံ့ ခံခုခံနိုင်ဖို့ အခိုင်အမာတည်ဆောက်မှုတွေ လုပ်လာမယ်လို့ ကျွန်တော်ပြောချင်တယ်။ စစ်ကောင်စီတပ်တွေ အခြေအနေမကောင်းရင်တော့ သူတို့ လုပ်နေကျအတိုင်းပဲ လေကြောင်းတိုက်ခိုက်မှုတွေ သူတို့ပိုမိုလုပ်လာနိုင်တယ်။ တာဝေးပစ်၊ တာနီးပစ်ဒုံးကျည်တွေ သူတို့ပိုပြီး သုံးလာနိုင်တယ်။ အထူးသဖြင့် အပြစ်မဲ့ပြည်သူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမယ်လို့တော့ ကျွန်တော်မြင်တယ်။

တဆက်တည်း ပြောရမယ်ဆိုရင်လာမယ့် ၂၀၂၃၊ ၂၀၂၄မှာတော့ သိသာတဲ့ ပြောင်းလဲမှုတစ်ခုတော့ ဖြစ် လာဦးမယ်လို့ ကျွန်တော်တော့မမြင်ဘူး။ဒါပေမယ့် တိုက်ပွဲကြီးတွေ ဖြစ်လာလိမ့်ဦးမယ့်အလားအလာတော့ မြင်တယ်။ စစ်မဖြစ်သေးတဲ့ ဒေသတွေမှာ တိုက်ပွဲတွေဖြစ်လာမယ်။ ပြည်သူတွေကလည်း စစ်ဘေးစစ်ဒဏ်ကို ပိုခံလာလိမ့်မယ်။ ဒီတော်လှန်ရေးကြီး မပြီးသေးသမျှတော့ ပြည်သူတွေက စစ်ဘေးဒဏ်ကို ဆက်ခံနေရမှာပဲ။ စစ်အာဏာရှင်မပြုတ်သမျှတော့ မြန်မာနိုင်ငံထဲမှာ ပြည်တွင်းစစ်က ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဒီတော် လှန်ရေးအင်အားစုတွေက ဒီအာဏာရှင်စနစ် အမြစ်ပြုတ်သွားတဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးကြီး အမြန်ဆုံး ပြီးမြောက်ဖို့ ပြည်သူတွေက ပါဝင်ကူညီပေးကြပါလို့ ကျွန်တော်တို့ ပြောလိုပါတယ် ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.