သရက်ချောင်း၊ ဇွန်(၁၇)

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု ၁၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကစပြီး တပ်အင်အား ၁၀၀ ကျော်နဲ့ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ကာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ကျွဲမင်းကုန်း၊ ကနက်သီရိ၊ ရငဲ၊ ဝင်းဝ၊ သိမ်ကုန်း၊ ကမြိုင်၊ ဝဲရစ်စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၁၀,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို တိမ်းရှောင်ရတာ တစ်ပတ်ကျော်ကြာရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ သယ်ယူလာတဲ့ စားသောက်စရာတွေ ပြတ်လုနီးပါး ဖြစ်လာသလို စစ်ကောင်စီတပ်ကလည်း ကျေးရွာထဲမှာ ဆက်လက်တပ်စွဲနေထိုင်နေတဲအတွက် နေရပ်ပြန်ဖို့အခက်ကြုံနေရတယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကလည်း မိခင်အတွက် ဆေးဝါးလာပြန်ယူတဲ့ ရငဲရွာသား အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။

သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရွာလှည့်စဉ်ပြီး စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကလည်း သရက်ချောင်းမြို့နဲ့ ၂ မိုင်အကွာမှာ ရှိနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ရဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသအခြေစိုက် ဒေါင်းမင်းစစ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.