ရေး၊ ဇွန်(၁၇)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နယ်ကျော် ခရီးသွားလာပါက စစ်တပ်ခွင့်ပြုချက်ရမှ သွားလာကြဖို့ ညွှန်ကြားလာတယ်လို့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝန်ထမ်းတွေအနေနဲ့ နယ်ကျော်ခရီးသွားလာပါက ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစ(၁၉)ဌာနချုပ်ထံ သတင်းပေးပို့ဖို့နဲ့ ခွင့်ပြုချက်ရမှ ခရီးသွားလာကြဖို့ ဌာနဆိုင်ရာအားလုံးကို ဇွန် ၁၃ ရက်နေ့မှာ ညွှန်ကြားလာတာပါ။

နယ်မြေလုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြောင့် ဝန်ထမ်းတွေခရီးသွားမှုအပေါ် ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှာ စစ်ကောင်စီဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ စစ်တပ်အရာရှိတွေ အစည်းအဝေးပြီးနောက် ညွှန်ကြားလာပါတယ်။

ရေးမြို့နယ် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကတော့ လာမယ့်ရက်ပိုင်းတွေအတွင်း အခြေစိုက်တပ်ရင်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစုတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းအရ အခုလိုညွှန်ကြားလာတာဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီဌာနဆိုင်ရာ အကြီးအကဲအများစု တပ်ရင်းတွေထံ ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေသလို တချို့ဝန်ထမ်းကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇) ဌာနချုပ်ကတော့ သူတို့တပ်ဖွဲ့တွေဟာ မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊ထားဝယ်၊ဘိတ်နဲ့ အမှတ် (၈) လမ်းမကြီးတစ်လျှောက် ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီလို့ ဇွန် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း မကြာမီကာလအတွင်း စစ်ရေးအရှိန် မြင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ၊ ကာကွယ်ရေးတပ်ဖွဲ့တွေစစ်ဆေးတဲ့အခါ ကြည်ဖြူစွာခံယူပေးဖို့ ဇွန် ၁၅ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရပြီး နယ်မြေတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.