ဝါရှင်တန် – ဇွန်(၁၈) 

နေတိုးအဖွဲ့ဟာ နော့ဒ့်စထွင်း ဓာတ်ငွေ့ပိုက်လိုင်းတွေ တိုက်ခိုက်ခံရပြီးနောက် ဥရောပ တခွင်က အရေးပါတဲ့ ရေအောက်အခြေခံအဆောက်အအုံတွေကို ရုရှားက မြေပုံထုတ်နေတယ်ဆိုတဲ့ သတင်း တွေကြောင့် ရေအောက်ပိုက်လိုင်းတွေနဲ့ ဒေတာကေဘယ်ကြိုးတွေကို ကာကွယ်ဖို့ စင်တာတစ်ခု တည်ထောင်ခဲ့ပါတယ်။ 

ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ နေတိုး ကာကွယ်ရေးဝန်ကြီးတွေက အရေးကြီးတဲ့ ရေအောက်အခြေခံအဆောက်အအုံတွေရဲ့ လုံခြုံရေးအတွက် ရေကြောင်းသွားလာရေးဗဟို ဌာန အစီအစဉ်တွေကို အတည်ပြုခဲ့တယ်လို့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စ် စတော့တန်ဘာက့် ကဆိုခဲ့တာပါ။ 

အဲဒီစင်တာကို လန်ဒန်အနီးက နော့ဝုတ်မှာရှိတဲ့ နေတိုးရေတပ်ဌာနချုပ်မှာ အခြေစိုက်မှာ ဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာရဲ့ နေရာတွေအပြင် မြောက်ပင်လယ်၊ ဘောလ်တစ်ပင်လယ်၊ပင်လယ်နက် နဲ့ မြေထဲပင်လည်ရှိ ဧရိယာတွေအတွက် စောင့်ကြည့်ထောက်လှမ်းရေးစနစ်အသစ်ဖန်တီးဖို့ တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ 

အနောက်နိုင်ငံတွေရဲ့ အရေးပါတဲ့ ရေအောက်အခြေခံအဆောက်အအုံကို ကာကွယ်ဖို့ ကြိုးပမ်းမှု တွေဟာ စက်တင်ဘာလမှာ နော့ဒ်စထွင်း(၁)နဲ့ နော့ဒ်စထွင်း(၂) သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို အဖျက်အမှောင့်လုပ်ငန်းတွေလုပ်ခဲ့တဲ့အတွက် တုံ့ပြန်တာဖြစ်တယ်လို့ သိရပြီး ပိုက်လိုင်းတွေ ဖျက်ဆီးခံရမှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ကြိုးကိုင်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။ 

ရုရှား သင်္ဘောတွေဟာ ပင်လယ်ပြင်ရှိ အနောက်စစ်မဟာမိတ်တွေရဲ့ အရေးပါတဲ့ ရေအောက် အခြေခံအောက်အအုံတွေရဲ့ မြေပုံကို ထုတ်ယူထားတယ်လို့ နေတိုးက ပြောပါတယ်။ 

ခြိမ်းခြောက်မှုတွေက တိုးပွားလာနေပါတယ်လို့ ကြယ်သုံးပွင့် ဂျာမန်ဗိုလ်ချုပ်ဟောင်း ဟန်းစ်ဝါနာ ဝိုင်ယာမန်က ရုရှားရဲ့ နေတိုးဧရိယာအတွင်းကို ရေအောက်ထောက်လှမ်းမှု အကြောင်းအရာကို တုန့်ပြန်ဖို့ လှုံ့ဆော်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ 

“ရုရှားသင်္ဘောတွေဟာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ ရေအောက်အခြေခံအဆောက်အဦတွေကို မြေပုံထုတ်ယူနေပါတယ်၊ ဒါဟာ ရုရှားက  အနောက်တိုင်းကို အနှောင့်အယှက်ဖြစ်စေဖို့အတွက် ပင်လယ်ရေအောက်ကေဘယ်ကြိုးတွေနဲ့ တခြားအရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်” လို့သူက  ဘရပ်ဆဲလ်မြို့ရှိ နေတိုး ဌာနချုပ် မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

နေတိုးရဲ့ စင်တာအသစ်ဟာ ဖြစ်ပေါ်နေတဲ့ အန္တရာယ်တွေနဲ့ ခြိမ်းခြောက်မှုဆိုင်ရာ သတင်း အချက်အလက်မျှဝေမှု တိုးတက်ကောင်းမွန်လာစေဖို့ နေတိုးအဖွဲ့ဝင်တွေ၊မဟာမိတ်တွေနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ကို အတူတကွ ဆောင်ကျဉ်းပေးမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

မြောက်ပင်လည်တစ်ခုတည်းမှာပင် ဖြတ်ကျော်သွယ်တန်းထားတဲ့ ကီလိုမီတာ(၈၀၀၀) ခန့်ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုက်းတွေရှိနေပြီး တခြားသော ရေအောက်ဒေတာစနစ်တွေ၊ ကွန်ရက်တွေနဲ့ ဂရစ်တွေကိုတော့ အမြဲစောင့်ကြည့်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ 

“ဒီရေအောက်မှာ ကီလိုမီတာ ထောင်နဲ့ချီတဲ့ အခြေခံအဆောက်အအုံတွေနဲ့အတူ နေတိုးအဖွဲ့ တည်ရှိနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ပုဂ္ဂလိကကဏ္ဍမှာ သင်္ဘောလှုပ်ရှားမှုနဲ့ ရေကြောင်းစောင့်ကြည့်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ အများကြီးရှိလို့ ထောက်လှမ်းရေး၊ သတင်းအချက်အလက်မျှဝေခြင်း၊ အမှတ်အသားများ ချိတ်ဆက်ခြင်းတို့ကို ပိုမိုကောင်းမွန်စွာ စုဆောင်းနိုင်မယ်” လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အားလုံးကို စောင့်ကြည့်ဖို့ ကြိုးစားမယ့်အစား စင်တာအသစ်နဲ့ နေတိုးမဟာမိတ်တွေဟာ ရေငုပ် သမားတွေ အလွယ်တကူရောက်ရှိနိုင်တဲ့ ရေတိမ်ပိုင်းက ပိုက်လိုင်းတွေလို အန္တရာယ်များတဲ့ နေရာတွေကို အာရုံစိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.