မော်လမြိုင်၊ ဇွန်(၁၇)

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရဲစခန်းနဲ့ကင်းစခန်းတွေအားလုံး တိုက်ခိုက်မခံရဖို့အတွက် လုံခြုံရေးအထူးကြပ်မတ်ဖို့နဲ့ ထောင်လှမ်းရေးအမြင်အဖြစ် ကြိုတင်သတင်းလက်ဦးမှုရယူကြဖို့ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ညွှန်ကြားလာတယ်လို့ စုံစမ်းသိရှိပါတယ်။

သံလွင်တိုင်းမ်ရဲ့ သတင်းရင်းမြစ်ဆီကနေ ရရှိထားတဲ့ ဇွန် ၁၂ ရက်နေ့ ရက်စွဲပါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (အားလုံး) ကို ပေးပို့တဲ့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ ရည်ညွှန်းစာအပေါ် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်စား ဒုတိယရဲမှူး ဇော်ဝင်းအောင် လက်မှတ်ရေးထိုးပြီး အခုလိုညွန်ကြားလာတာပါ။

အဲဒီညွန်ကြားစာမှာ ရုံး၊ရဲစခန်း၊ရဲကင်းတွေ၊စစ်ဆေးရေးနဲ့ လုံခြုံရေးကင်းစခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအသိ၊လုံခြုံရေးသတိ၊ထောက်လှမ်းရေးအမြင်တို့နဲ့ အလစ်အငိုက်တိုက်ခိုက်မှုမခံရစေရေး ဂရုပြုဆောင်ရွက်သွားဖို့ အကြောင်းကြားထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မိတ်ဖက်အဖွဲ့အစည်းတွေ အမာခံသတင်းပေးတွေနဲ့ ချိတ်ဆက်ပြီး သတင်းလက်ဦးမှုရယူဖို့ ညွှန်ကြားထားပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ မော်လမြိုင်-ရေးလမ်းပိုင်းမှာရှိတဲ့ တပ်ရင်း၊တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် အခုလိုညွှန်ကြားတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်နီးပါးရောက်လာချိန်မှာတော့ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊သံဖြူဇရပ်တောင်ပိုင်းနဲ့ ရေးမြို့နယ်တို့ဟာ စစ်ရေးလှုပ်ရှားမှု အားကောင်းတဲ့ ဒေသတွေ ဖြစ်လာပါတယ်။

အဲဒီဒေသတွေအတွင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၄၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးတွေအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သထုံခရိုင်မှာတော့ စစ်ကောင်စီတပ်ကနေ တပ်စခန်းသုံးခုအပြင် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာလည်း နယ်မြေရဲစခန်း ၆ ခုထက်မနည်း လက်လွှတ်ထားရပြီး ကျေးရွာကြီးတစ်ချို့ကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်သွားလာလှုပ်ရှားနေတာပါ။

KNLA အပါအဝင် ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ဟာ မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊ ထားဝယ်၊ဘိတ်နဲ့ အမှတ် ၈ လမ်းမကြီးကို ထိန်းချုပ်လှုပ်ရှားနေပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.