မော်လမြိုင်၊ ဇွန်(၁၇)

မွန်ပြည်နယ်အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်လာရောက်ခေါ်ဆောင်ပြီးနောက် လုံးဝအဆက်အသွယ်မရတော့တဲ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကိုတော့ စစ်ကောင်စီက မွန်ပြည်နယ်ရဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့ နိုင်ငံရေးအကျဉ်သားတွေနဲ့ ဖမ်းဆီးခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အခုနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီတပ်နဲ့ ထောင်အာဏာပိုင်တွေက ရိုက်နက်ညှဉ်းပန်းနှိပ်စပ်တာအပြင် နည်းမျိုးစုံသုံးပြီး အကြမ်းဖက်တာတွေ လုပ်ဆောင်ပါတယ်။

အဆိုးဆုံးအနေနဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်း သားတွေကို စစ်တပ်ကညပိုင်းအချိန်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ခေါ်ဆောင်ပြီးနောက် မိသားစုဝင်ဘက်က လိုက်လံစုံစမ်းပေမယ့် လုံးဝအဆက်အသွယ် ပြတ်တောက်တာတွေ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သထုံမှာက ဘားအံထောင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို သထုံထောင်ပို့တယ်။ မော်လမြိုင် ကျိုက်မရောထောင်ပို့တယ်ပေါ့။ အဲဒီမှာ သထုံမှာထားတဲ့ထဲက ပုဒ်မကြီးတွေပေါ့၊။ (၄၉)တို့ (၅၂)တို့ အဲဒီပုဒ်မကြီးတွေကို ခေါ်ထုတ်သွားတာပဲရှိတယ်။ ဘာလုပ်တယ်ဆိုတာတော့ မသိဘူးပေါ့။ အခုဟာက ညကြီး (၁၂)နာရီ ရုတ်တရက်ကြီး ခေါ်သွားတယ်။ ခေါ်ထုတ်သွားတာပဲသိတယ်၊ ဘယ်ကို ခေါ်ထုတ်သွားမှန်းလဲ မသိဘူး။ နောက်ထပ်က အဲဒီမှာမိသားစုနဲ့လည်း အဆက်အသွယ် မရတော့ဘူးပေါ့။ ထောင်ဝင်စာပေးပို့ဖို့သွားတဲ့ မိသားစုတွေ မေးမြန်းချက်အရ သူတို့ကသက်ဆိုင်ရာက ခေါ်ထုတ်သွားတာပဲ ဖြေပေးတယ်။ ဘယ်ကို ခေါ်သွားတယ်တို့၊ ဘာလုပ်တယ်လို့ ဘယ်မှာထားတယ်လို့ဆိုတာ မဖြေဘူးပေါ့”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး PTT စက်သုံးဆီအရောင်းဆိုင်ဝင်းဟောင်းထဲက အသုံးမပြုတော့တဲ့ KTV အခန်းတစ်ခုထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသား ၂ ဦး ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒေသခံတွေအဆိုအရ သေဆုံးနေတဲ့အမျိုးသား ၂ ဦးဟာ ထောင်သားတွေ ဝတ်ဆင်တဲ့ပုဆိုးနဲ့ အင်္ကျီပုံစံတွေကို ဝတ်ဆင်ထားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

တဖက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အပြောင်းအလဲပြုလုပ်တာ မဟုတ်ဘဲ အကြောင်းပြချက်မရှိ ခေါ်ဆောင်သွားပြီး ဘယ်ကိုခေါ်ဆောင်သွားလဲ မသိရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ အကျဉ်းထောင်လက်စွဲဥပဒေအရ ထောင်းပြောင်းမယ်ဆိုပါက အကျဉ်းသားတွေအနေနဲ့ မိသားစုတွေထံ စားစရာနဲ့သုံးစရာစရိတ်တွေ ကြိုတင်တောင်းခံနဲ့ စာရေးအသိပေးတာတွေ လုပ်ဆောင်လို့ရပေမယ့် အခုနောက်ပိုင်းဖြစ်စဉ်မှာ မိသားစုဝင်တွေတောင် မသိလိုက်ရတဲ့ အခြေအနေကြောင့် လုံခြုံရေးစိုးရိမ်ဖွယ်ရာ ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထောင်ပြောင်းတာက ထောင်ပြောင်းတဲ့ ပုံစံစနစ်တစ်မျိုး ရှိတယ်။ ထောင်ပြောင်းလို့ရှိရင် ဥပမာ ကျွန်တော်တို့ကို ခေါ်ထုတ်ပြီးလို့ရှိရင် ခြေကျင်းရိုက်တယ်။ ခြေကျင်းရိုက်ပြီးလို့ရှိရင် (၂)ယောက်တစ်တွဲ လက်ထိပ်သံကြိုး ခတ်တယ်ပေါ့။ နောက်ပြီးတော့ စားစရာကို လမ်းမှာစားဖို့သောက်ဖို့ အတွက်ကို နည်းနည်းယူခိုင်းတယ်။ အခုဟာက ရှောင်တခင်ကြီး ဘာမှလည်းမယူသွားရဘူး။ ခြေကျင်းရိုက်တာလည်း မရှိဘူး။ စာရွက်စာတမ်း လွဲပြောင်းတာလည်းမရှိဘူး။ သူတို့သက်ဆိုင်ရာ စစ်တပ်ကနေလာခေါ်တဲ့ပုံစံနဲ့ လာခေါ်သွားတာပဲရှိတယ်။ အကျဉ်းဦးစီးဌာနက လာခေါ်တာမဟုတ်ဘူး။ ထောင်ပြောင်းတယ်ဆိုရင် ဥပမာပေါ့။ မိသားစုဝင်က ထောင်ဝင်စာပါဆယ်လာပို့တဲ့ အခါကျရင် ဒီကနေပြီးတော့ ဘယ်ထောင်ပို့လိုက်ပါတယ်။ ခင်ဗျားတို့ အဲဒီကိုဆက်သွယ်ပြီးတော့ ပို့ပါဆိုပြီးတော့ ပြောပေးတာတွေ ရှိတာပေါ့နော်။ ဝန်ထမ်းတွေကနေပြီးတော့ ထောင်ဝန်ထမ်းတွေ၊ အခုဟာက သူတို့ကိုယ်တိုင်လည်း မသိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏဆိုသလို လာရောက်ခေါ်ဆောင်တာရှိပြီး ခေါ်ဆောင်ခံရတဲ့သူတွေဟာ ပြန်လည်ရောက်ရှိလာတာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို တခြားပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထက် ဖိနှိပ်မှုမျိုးစုံ ပြုလုပ်နေသလို ရသင့်ရထိုင်တဲ့ အခွင့်အရေးတွေ တောင်းဆိုပါကလည်း တိုက်ပိတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုကအစ အပြည့်အဝမပေးသလို နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ စိတ်အနှောက်အယှက် ပေးတာတွေကိုလည်း မကြာခဏဆိုသလို လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က နိုင်ငံရေးအကျဉ်းသား ၅၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.