ပုလော၊ ဇွန်(၁၇)

တနင်္သာရီတိုင်ဒေသကြီး ပုလောမြို့နယ် ပလမြို့ မြိတ်-ပုလောလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ဆေးရေးဂိတ် ပိတ်ထားတဲ့အတွက် ခရီးသွားကားရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ဇွန် ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ကစပြီး ပုလောအခြေစိုက် စစ်ကောင်စီ ခလရ (၂၈၅)တပ်ရင်းနဲ့ပလရဲစခန်းရှိ စစ်ကောင်စီတပ်တွေကနေ ပဝတ်ကုန်းနဲ့ကဒဲရွာဘက်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာပါ။

အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီ ပလမြို့စစ်ဆေးရေးဂိတ်ကလည်း ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေကို သွားလာခွင့်မပေးဘဲ ပိတ်ပင်ထားတာဖြစ်ပါတယ်။

တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်ပြီး ကားလမ်းတွေပိတ်ဆို့ထားတာဟာ ခရီးသွားကားတွေနဲ့အတူ သူတို့ ယာဉ်တန်းတွေ ကြားညှပ်သွားလာဖို့ ဖြစ်နိုင်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညနေ့ ၄ နာရီအချိန်အထိ ခရီးသွားကားတွေကို မပေးသွားဘဲ ဆက်လက်ပိတ်ပင်ထားတယ်လို့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောဆိုပါတယ်။

အခုဖြစ်စဉ်ကြောင့် ပလစစ်ဆေးရေးဂိတ်က မြိတ်မှရန်ကုန် အတက်ကားတွေရော ရန်ကုန်မှ မြိတ်ဘက်အဆင်းကားတွေကိုပါ မပေးသွားဘဲ ပိတ်ထားတာပါ။

ပုလောမြို့နယ် မြိတ်-ရန်ကုန်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေသလို ယာဉ်မောင်းအပါအဝင် ခရီးသွားတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကြာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲအကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပြီးခဲ့တဲ့နှစ် ပုလောမြို့နယ် တိုက်ပွဲအတွင်း ခရီးသွားကားတွေ ပိတ်မိစဉ်။(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.