မော်လမြိုင် – မေ (၁၇)

နေပြည်တော်လယ်ဝေးမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဗုံးဖောက်ခွဲခဲ့သူတွေလို့ စစ်ကောင်စီကယူဆခြင်းခံရတဲ့ အမျိုးသားလေးဦးကို ဇွန်လ( ၁၆)ရက်က ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဒီနေ့ဖော်ပြလာပါတယ်။

လယ်ဝေးမြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မရဲစခန်းနဲ့ ဇမ္ဗူသီရိမြို့နယ်ရှိ MICC(2)-ဂိတ် (၂)ဝင်ပေါက်တွေကို ဇွန်လ (၁၃)ရက်နေ့က လက်ဗစ်ဗုံးနဲ့တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီဘက်မှ ရဲတပ်သားတစ်ဦး သေဆုံးပြီး ရဲအုပ်နဲ့ ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေဟာ လက်ပစ်ဗုံးပစ်ခဲ့သူ ကိုသက်နိုင်၊ ကိုရဲနိုင်တို့ဖြစ်ပြီး သူတို့ငှားရမ်းစီးနင်းခဲ့ကြတဲ့ အငှား ယာဉ်မောင်း ကိုရန်နိုင်ထွန်း၊ ကိုအိုင်ဖော့(ခ)ရန်နိုင်ဦးတို့ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဒီနေ့ ဖော်ပြထားပါတယ်။

ကိုသက်နိုင်နဲ့ ကိုရန်နိုင်ထွန်းတို့ကို ပျဉ်းမနားမြို့နယ်၊သုခဈေးအနီး၊ ကိုရဲနိုင်နဲ့ ကိုအိုင်ဖော့(ခ)ရန်နိုင်ဦးတို့ကို လိပ်သိုမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာလို့လည်း အဲဒီသတင်းတွေမှာ ပါရှိပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ကောင်စီက CCTVတွေကတစ်ဆင့်ခြေရာခံမိခဲ့တဲ့ အချက်အလက်တွေနဲ့ သတင်းပေးတွေရဲ့ တိုင်တန်းချက်တွေအရ ဖမ်းမိခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.