မော်လမြိုင်၊ ဇွန်(၁၆)

စစ်တပ်အာဏာသိမ်းထားတဲ့ အခုနှစ်ဇန်နဝါရီကနေ မေလအထိ ၅ လအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင်သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar က ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ISP – Myanmar အဆိုအရ အခု ၅ လအတွင်း အရပ်သားသေဆုံးမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်း ၆၀ ရာခိုင်နှုန်းနီးပါးအထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အရပ်သားသေဆုံးမှုအရ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့တဲ့ အရပ် သား ၈,၆၄၀ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီထဲက ၂,၁၈၃ ဦးထက်မနည်းဟာ ဆန္ဒပြပွဲအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်ခံရမှုနဲ့ ဖမ်းဆီးထားစဉ် သေခဲ့ရသူတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် တိုက်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၂,၄၅၄ ဦးထက်မနည်း ရှိခဲ့သလို စစ်ကောင်စီရဲ့ စာရင်းတွေအရ ဒလန်လို့စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄,၀၀၃ ဦးရှိတယ်လို့ ဖော်ပြတာပါ။

ဒါပေမဲ့ ISP – Myanmar ကတော့ စစ်ကောင်စီဖော်ပြတဲ့ အရပ်သားသေဆုံးမှု ကိန်းဂဏန်းတွေအတွက် သီးခြားအတည်ပြုချက်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အရပ်သားသေဆုံးမှုအရ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အများဆုံးသေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသားပြည်နယ်တွေဖြစ်တဲ့ ကယားပြည်နယ်၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာလည်း ရာနဲ့ချီသေဆုံးထားတယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှုဟာ ISP – Myanmar ရဲ့ စုဆောင်းထားတဲ့ အချက်အလက် ကိန်းဂဏန်းတွေသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင် မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BNI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.