မော်လမြိုင်၊ ဇွန်(၁၆)

မွန်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေတစ်ခုအထိ ရောက်ရှိလာပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF) တွေဟာ စစ်တပ်အာဏာသိမ်းစကာလတွေမှာ စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေးနဲ့အုပ်ချုပ်ရေးပစ်မှတ်တွေကို ပြောက်ကျားအသွင် တိုက်ခိုက်ရာကနေ လက်ရှိမှာ ထိုးစစ်အသွင်ဝင်ရောက်စီးနင်းတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လာပါတယ်။

မြို့နယ် ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်ရဲ့ သထုံ၊ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်အပါအဝင် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ် တောင်ပိုင်းဒေသတို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ခိုက်မှု အများဆုံးဖြစ်ပွားတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။

သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းကတော့ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုဟာ စစ်ကောင်စီနဲ့ အနီးဆုံးမှာ ရှိနေပြီဖြစ်သလို စစ်ကောင်စီဘက်က စစ်ရေးပုံဖော်မှုဟာ ခံစစ်ပုံစံပြောင်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို အရင်နှစ်ကထက် ပိုပြီးတော့ အရှိန်အဟုန်မြှင့် တိုက်ခိုက်နိုင်တယ်။ ပြီးတော့ နယ်မြေထိန်းချုပ်မှုဆိုတာကလည်း ကျွန်တော်တို့တတွေ သူတို့နဲ့အနီးဆုံးနေရာမှာ ရှိနေပြီပေါ့။ စစ်ကောင်စီဘက်ကနေပြီးတော့ စစ်ရေးပုံဖော်မှုတွေက ခံစစ်ပုံစံတွေ ပြောင်းလာတယ်။ လမ်းတွေဖျက်တယ်၊ တံတားတွေ သူတို့ဘာသာ ဖျက်တယ်။ အဲဒီလိုပုံစံတွေ သူတို့လုပ်လာတယ်။ ပြီးတော့ လက်နက်ကြီးတွေ ပစ်တယ်။ လေယာဉ်တိုက်ခိုက်မှုတွေကို သူတို့ပိုပြီးတော့ လုပ်ဆောင်လာတာ တွေ့ရတယ်။ ကျွန်တော်တို့ဘက်က နည်းဗျူဟာတွေက ကျွန်တော်တို့ ပြင်ဆင်ထားတာတွေ ရှိတာပေါ့”လို့ သူက ဆိုပါတယ်။

သထုံခရိုင်အတွင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ က ရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၆ ဖွဲ့ ရှိနေတာပါ။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး နှစ်နှစ်ကျော်ကာလအတွင်း သထုံခရိုင်အတွင်းမှာ KNLA အပါအ ဝင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ခိုက်မှုကလည်း အများအပြားရှိနေပြီး စစ်ကောင်စီဘက်က ကြက်သောင်းဆိပ်စခန်း၊လယ်ဆော့လော့စခန်းနဲ့ ဇီးကုန်းစခန်း သုံးခုကို လက်လွှတ်ဆုံးရှုံးထားတာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ် တောင်ပိုင်းဒေသမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ ပျက်ပြားသလောက်ဖြစ်နေပြီး တော်လှန်ရေးရဲဘော်တွေ ရွာကြီးတချို့ကို အချိန်မရွေးဝင်ထွက်သွားလာနိုင်တဲ့ အခြေအနေလို့ ဆိုပါတယ်။

“ရေးနဲ့ သံဖြူဇရပ်တောင်ပိုင်းဒေသတွေမှာ စစ်ခွေးတွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးက လုံးဝပျက်ပြားသလောက် ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ရာဇဝတ်မှုတွေ၊ ခိုးမှုတွေ အထူးသဖြင့် အဆမတန်တိုးပွားလာတယ်။ တစ်ချိန်တည်းမှာပဲ တော်လှန်ရေးရဲဘော်တွေ ရွာကြီးတချို့ကို အချိန်မရွေး ဝင်ထွက်သွားလာနိုင်တယ်။ အဲဒီအခြေအနေကို ရောက်နေတယ်။ အဲဒါအပြင် ရေးမြို့နယ်နဲ့ သံဖြူဇရပ်တောင်ပိုင်းမှာရှိတဲ့ ရဲစခန်းအတော်များများ ပိတ်သိမ်းလိုက်ရတယ်။ စွန့်ခွာခဲ့ရတယ်။ ဒါကို ကြည့်ချင်းအားဖြင့် စစ်ခွေးတွေရဲ့ နယ်မြေထိန်းချုပ်ပိုင်းဆိုင်ရာမှာ အတော်လေးကို ဆုံးရှုံးမှုတွေ ကြုံ တွေ့နေရတယ်လို့ ပြောလို့ရတယ်” လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ် တောင်ပိုင်းဒေသမှာ စစ်ကောင်စီဟာ မြို့ပြနဲ့ စစ်တပ်အခြေစိုက်စခန်းတည်ရှိရာ အနီးအနားပတ်ဝန်းကျင်တွေလောက်မှာသာ ထိန်းချုပ်မှုရှိပြီး အခုနောက်ပိုင်းမှာလည်း ပုံမှန်နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေတာ မမြင်ရတော့ဘူးလို့ နိုင်နဂါးက လက်ရှိအခြေအနေကို ပြောပြပါတယ်။

ရေးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်ဒေသကာကွယ် ရေးတပ်ဖွဲ့ ပေါင်း ၁၂ ခုထက်မနည်းရှိနေပြီး စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ရဲစခန်းတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့ နယ်အတွင်းမှာရှိတဲ့ နယ်မြေရဲစခန်း ၆ ခုထက်မနည်းမှာ ရဲတပ်သားတွေ မနေကြတော့ဘဲ စခန်းကို ဒီအတိုင်းပစ်ထားတာတွေလည်း ရှိနေပါတယ်။

ရေးမြို့နယ်နေဒေသခံတစ်ဦးကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးနိုင်မှု အခြေအနေတစ်ခုအထိ ရှိနေတယ်လို့ ပြောဆိုပေမယ့် ပစ်ခတ်တိုက်ခိုက်ဖောက်ခွဲမှုတွေ မရှိဘဲ ပုံမှန်သွားလာနေထိုင်တဲ့ နေရာတချို့မှာတော့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေ ရှိနေတဲ့အတွက် ဒုက္ခတွေ ကြုံနေရတာလို့ ဆိုပါတယ်။

“ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှု ဘယ်လောက်ရှိတယ် ပြောပြော စစ်ကောင်စီနယ်မြေစိုးမိုးမှုမရှိဘူးလို့ ထင်ရတဲ့နေရာတွေအကုန်လုံးမှာ စစ်ကောင်စီ စိုးမိုးမှုတွေ ရှိနေတယ်။ စစ်ကောင်စီ ယန္တရားအောက်မှာ ရှိနေရတာမျိုးပေါ့။ တချို့နေရာတွေဆိုရင် စစ်လည်းမဖြစ်ဘူး၊ ဗုံးလည်း မကွဲဘူး၊ မိုင်းလည်းမကွဲဘူး၊ လူတွေက နိစ္စဓူဝ ပုံမှန်နေထိုင်နေတာပဲ။ ဒါပေမယ့် အဲဒီပုံမှန်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီလက်တံတွေ ရှိနေတယ်။ စစ်ကောင်စီယန္တရားအောက်မှာ ရှိနေတယ်။ သူတို့ဟာ စစ်ကောင်စီကို အလုပ်အကျွေးပြုနေတဲ့ အုပ်ချုပ်ရေးမှူးတွေအောက်မှာ ဒုက္ခသုခတွေနဲ့ ကြုံနေရတယ်ဆိုတဲ့ဟာ လုံးဝမြေပြင်အမှန်တရားပေါ့”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့အတွက် အာဏာသိမ်းမှု နှစ်နှစ်ကျော်လာချိန်မှာတော့ တပ်အင်အားချိနဲလာမှုအပေါ် ကင်းစခန်းတွေ တံတားလုံ ခြုံရေးဂိတ်တွေမှာလည်း ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေကို အစားထိုးအသုံးပြုလာနေတာလို့ PDF တာဝန်ခံတွေက ဆိုပါတယ်။

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံဗိုလ်ရန်နိုင်ကလည်း စစ်ကောင်စီထိန်းချုပ်နယ်မြေမှာရှိတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုသာရှိပြီး စစ်ကြောင်းထိုးနိုင်မယ့် အုပ်ချုပ်ရေးယန္တရားတွေ မရှိတော့တဲ့အတွက် ရေးမြို့နယ်မှာ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်ဧရိယာ ၅၀ ရာခိုင်နှုန်းအောက်ရောက်နေပြီလို့ ပြောပါတယ်။

“သူတို့ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးပစ်သွင်းတာတို့ အဲဒီလောက်ပဲ ရှိတော့တယ်။ သူတို့စစ်ကြောင်းထိုး အုပ်ချုပ်ရေးယန္တရားတွေ ဒီဘက်မှာမရှိတော့ဘူး။ ERO နယ်မြေအပြင်ဘက် ရေး မြောက်ပိုင်းအစွန်း နှစ်ကရင်ဒေသ ရေးနဲ့ သံဖြူဇရပ်တောင်ပိုင်းအစွန်းမှာ သူတို့က ထိန်းချုပ်လို့ မရတော့ဘူး။ အုပ်ချုပ်ရေးယန္တရားတို့ မရှိဘူး၊ ဥပဒေစိုးမိုးရေး၊ လုံခြုံရေးတွေ ဘာမှအုပ်ချုပ်လို့ မရတော့ဘူး။ ကျွန်တော်တို့ကပဲ ဒီဟာတွေကို ရှေ့ဆက်ပြီး ထိန်းချုပ်ဖို့ပဲ ရှိတော့တယ်။ သူတို့အနေနဲ့က ရေးမြို့နယ်မှာဆိုရင် ထိန်းချုပ်ဧရိ ယာ ၅၀ ရာခိုင်နှုန်းအောက်မှာ ရောက်နေပြီ”လို့ ဆိုပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်မှာ ကျန်တဲ့မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ပေါင်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တို့ဟာ စစ်ကောင်စီဘက်က အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ဒေသတွေ ဖြစ်ပေမယ့် တရားဥပဒေစိုးမိုး ဆုံးရှုံးနေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း သူတို့လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ ရှိနေတာပါ။

KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုရှိတဲ့ ကျိုက်မရောမြို့နယ်ဟာဆိုရင်လည်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့ကိုသာ စစ်ကောင်စီက စိုးမိုးထားနိုင်ပြီး မော်လမြိုင်-ချောင်းနှစ်ခွလမ်းပိုင်းတချို့ကို စစ်ကောင်စီက လက်လွှတ်ထားရတာ ဖြစ်ပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ ရေးမြို့နယ်ဟာ ပြည်နယ်ရဲ့ပထဝီအနေအထားအရ နယ်မြေအကျယ်ဆုံး မြို့နယ်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းရှိတဲ့ ဒေသဖြစ်ပါတယ်။

ဒီအခြေအနေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ က သူတို့တပ်ဖွဲ့တွေဟာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နဲ့ အမှတ် (၈) လမ်းမကြီးတစ်လျှောက် ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ရေးမြို့နယ်ကို မကြာမီကာလအတွင်း စစ်ရေးအရှိန်မြင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ၊ ကာကွယ်ရေးတပ်ဖွဲ့တွေစစ်ဆေးတဲ့အခါ ကြည်ဖြူစွာ ခံယူပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာ လက်ရှိထိန်းချုပ်ထားတဲ့ မြို့ကြီးတွေနဲ့ စစ်တပ်အခြေစိုက်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လာတဲ့အပေါ် ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်အမာတည်ဆောက်မှုတွေ လုပ်ဆောင်လာနိုင်ပြီး လက်နက်အသာစီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာနိုင်သလို အပြစ်မဲ့ပြည်သူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Ye PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.