ရန်ကုန်၊ ဇွန်(၁၆)

ပြည်တွင်းရွှေဈေးကို စစ်ကောင်စီကနေ နည်းမျိုးသုံးပြီး ဈေးနှုန်းကျဆင်းအောင် လုပ်ဆောင်နေပေမယ့် ဇွန်လဒုတိယအပတ်မှာ မီလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ် အခြေခံတာကြောင့် အခုရက်ပိုင်းအတွင်း ပြည်တွင်းဒေါ်လာဈေးနှုန်း မြင့်တက်နေလို့ ရွှေဈေးနှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဇွန်လပထမအပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်သာရှိရာကနေ လက်ရှိမှာတော့ တစ်ဒေါ်လာကို ကျပ် ၃၀၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာပါတယ်။

ဒေါ်လာဈေးနှုန်းမြင့်တက်မှုကြောင့် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၀ သိန်းဝန်းကျင်ကနေ ကျပ် ၃၁ သိန်းကျော်အထိ ဈေးနှုန်းလိုက်တက်လာတာပါ။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ဒေါ်လာဈေးနှုန်း မထိန်းချုပ်နိုင်ပါက ရွှေဈေးနှုန်းထပ်မံ မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဓိကအကြောင်းအရင်းက ကမ္ဘာ့ရွှေဈေးကတော့ပုံမှန်ပဲ။ အရမ်းကြီး အတက်အကျသိပ်မရှိဘူး။ ဒေါ်လာဈေးတက်လို့။ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးနဲ့ကို မြှောက်ပြီး (၁.၈၇၅)နဲ့ စားတဲ့အချိန်မှာ ပြည်တွင်းရွှေဈေးကွက်က ရွှေကလည်းပြန်တက်တာပေါ့နော်။ လက်ရှိရွှေဈေးအရမ်းမြင့်နေတော့လေ ဝယ်လိုအားတော့ မရှိဘူးပေါ့။ တချို့ရောင်းတဲ့သူတွေကလည်း ဈေးထပ်တက်ဦးမလားဆိုပြီး ခဏစောင့်ကြတာရှိတယ်။ ဝယ်တဲ့သူတွေကလည်း သေးသေးလေးဝယ်ရင်တောင် ဈေးကကြီးနေပြီးလေ။ ရောင်းတာရော၊ ဝယ်တာရော နှစ်မျိုးလုံးအေးနေတာပေါ့နော်။ ဒေါ်လာကိုမချနိုင်သမျှ ကာလပတ် လုံး ရွှေဈေးကတော့ အမြင့်ဈေးအပိုင်းမှာဘဲ ဆက်ရှိနေဦးမှာပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဈေးနှုန်းဟာ လက်ရှိမှာဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ အချိန်နဲ့အမျှ ပြောင်းလဲနေတာကြောင့် ဈေးနှုန်းအတိအကျကိုတောင် ခန့်မှန်းရခက်နေပြီး ရွှေဈေးနှုန်းတည်ငြိမ်ဖို့အတွက် ဒေါ်လာဈေးနှုန်းတွေ ကျဆင်းအောင် အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ သူကဆက်ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးတာတွေ လုပ်ဆောင်နေပေမယ့် ရွှေဈေးနှုန်းကတော့ အမြင့်ပိုင်းမှာပဲ ဆက်ရှိနေပါတယ်။

စစ်ကောင်စီကတော့ ပြည်တွင်းရွှေဈေးနှုန်းကို ရည်ညွှန်းဈေးအဖြစ် တစ်ကျပ်သားကို ကျပ် ၂၃ သိန်းနီးပါး သတ်မှတ်ထားပေမယ့် ဈေးကွက်အတွင်းမှာ ကျပ် ၃၁ သိန်းကျော်အထိ ရှိနေပြီး ဈေးကွာခြားချက် ၈ သိန်း ကျော်ရှိနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ကာလက ရွှေဒင်္ဂါးတွေကို အလေးချိန်အလိုက် တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သားဆိုပြီး ရောင်းချပေးခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ပါဘူး။

ပြည်တွင်းရွှေဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လနောက်ဆုံးအပတ်အတွင်း ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၃၅)သိန်းဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.