တိုကျို၊ ဇွန်(၁၅)
ဂျပန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းအတွင်း အသက်(၁၈) နှစ်အရွယ် စစ်သားတစ်ဦးက သင်တန်းဆရာနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အခြားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူကပြောပါတယ်။
တပ်တွင်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စစ်သားကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း အဲဒီတာ ဝန်ရှိသူက ဇွန်လ (၁၄) ရက်နေ့က ပြောကြားခဲ့တာပါ။
အဲဒီပစ်ခတ်မှုဟာ ဂီဖူမြို့မှာ ဒေသစံတော်ချိန် နံနက် (၉) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၉၈၄ ခုနှစ် နောက်ပိုင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF)ရဲ့ ပထမဆုံးလူသေဆုံးမှုဖြစ်ခဲ့တဲ့ တပ်တွင်းပစ်ခတ်မှု ဖြစ်ကြောင်း GSDF စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုရစ်ဟီတာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးတို့ အပါအဝင် နည်းပြသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ မိုရီရှီတာက NHK သတင်းဌာနကို ပြောပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သေနတ်သမားဟာ ပြီးခဲ့တဲ့ ဧပြီလက GSDF မှာ စတင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောပါတယ်။
“နောက်တစ်ကြိမ် ထပ်မဖြစ်ပွားစေရေး သေချာစေဖို့အတွက် အဖြစ်အပျက်ကို စုံစမ်းစစ်ဆေး သွားမှာပါ” လို့ သူက မီဒီယာရှင်းလင်းပွဲမှာ ကတိပေးခဲ့တာပါ။
သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ကြပ်မတ်ထားတဲ့ ဂျပန်နိုင်ငံမှာ သေနတ်ပစ်မှုဖြစ်ပွားခြင်းဟာ အလွန်ရှားပါးပြီး သေနတ်ကိုင်ဆောင်လိုသူ မည်သူမဆို နောက်ခံစစ်ဆေးမှုတွေကို ပြင်းထန်စွာ စစ်ဆေးခံ ရတာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ယမန်နှစ်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသူလေးဦးရှိခဲ့ကြောင်း အမျိုးသားရဲအေဂျင်စီက ဆိုပါတယ်။ ယင်းတို့အနက် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာလည်း ဇူလိုင်လအတွင်း လက်လုပ်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သံသယရှိသူဟာ ယခင်က ရေတပ် SDF ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters