လွိုင်ကော်၊ ဇွန်(၈)

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲက စာသင်းကျောင်းတွေဟာ စစ်ကောင်စီရဲ့ လေ ကြောင်းရန်ကြောင့် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးနေရတယ်လို့ ကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမက တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကထက် စာ သင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အခက်ကြုံနေရတာပါ။

ကယားပြည်နယ်က အမျိုးသားစာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး စတင်ဖွင့်လှစ်တာတွေ ရှိခဲပေမယ့် ကျောင်းအများစုဟာ စစ်ကောင်စီရဲ့ လေ ကြောင်းရန်ကို စိုးရိမ်နေရတာပါ။

လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ဒေါတမကြီး ကျေးရွာအုပ်စုအပါအဝင် တခြားကျေးရွာတွေက စာသင်ကျောင်း (၁၀) ကျောင်းထက်မနည်း ပိတ်လိုက်ရတဲ့ အ ခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

နွေဦးဂုရုလေးများအဖွဲ့ဝင် ကိုတင့်ဇော်ဟိန်းကတော့ ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်အတွက် ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်နေပေမယ့် ကျောင်းမှာဗုံးခိုကျင်းတွေ တူးထားရတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

“ဒီဘက်မှာရှိတဲ့သက်ဆိုင်ရာအမျိုးသားကျောင်းတွေ၊ ပညာရေးကျောင်းတွေကတော့ဖွင့်လှစ်နေပါတယ်။ အဓိကကတော့ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေဆောက်ရတာပေါ့။ ဗုံးခိုကျင်းတွေတောက်လျောက်လုပ်ရတယ်။ ဖွင့်တယ်ဗျ။ ကျွန်တော်တို့နေရာတော့ပြောင်းဖွင့်ရတာပေါ့။ ဗုံးခိုကျင်းတွေဆောက်ပြီးဖွင့်ရတာပေါ့။ ကျွန်တော်တို့က အခုဆိုလေယာဉ်သံကြားတာနဲ့ ထွက်မကြည့်နဲ့ပေါ့။ ဗုံ းခိုကျင်းထဲပြေး အဲဒီလိုမျိုးလုပ်ထားတယ်” လို့ဆိုပါ တယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ခြမ်းက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခြေခံပညာကျောင်းတွေ ပျက်စီးတာတွေရှိခဲ့သလို ကျောင်းသား၊ကျောင်း သူတွေအတွက်လည်း သင်ထောက်ကူပစ္စည်းမပြည့်စုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူကပြောပါသေးတယ်။

ကယားပြည်နယ်က ကျောင်းသား၊ ကျောင်းသူ (၉၀) ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ တက်ရောက်တာမရှိတော့ဘဲ လွိုင်ကော်မြို့ပေါ်မှာသာ ကျောင်းတက်သူ အနည်း ငယ်ရှိနေတာပါ။

စစ်ကောင်စီကျောင်းတွေမှာ တက်ရောက်တာမရှိတဲ့ (၉၀) ရာခိုင်နှုန်းထဲက (၈၀) ရာခိုင်နှုန်းဟာ ပြည် နယ်အတွင်းက ကိုယ်ထူကိုယ်ထကျောင်းတွေမှာ တက်ရောက်နေတာဖြစ်ပြီး ကျန် (၅) ရာခိုင်နှုန်းကတော့ ကျောင်းတက်ရောက်နိုင်တာမရှိဘူးလို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ စစ်ကောင်စီဟာ ကယားပြည်နယ်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားပြီး တိုက်ပွဲဖော်ဆောင်မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် ကိုယ်ထူကိုယ်ထကျောင်းတွေဟာ အရင်နှစ်ကလောက် ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ယူနေရတဲ့ ကလေးတွေဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရသလို လေကြောင်းအန္တရာယ်ကို ပိုမိုစိုးရိမ်နေရတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌဦးဗညားက ပြောပါတယ်။

“ကျွန်တော်တို့က စိုးရိမ်စိတ်ကတော့ အစောကတည်းက မြင့်နေပြီးသားဖြစ်တယ်။ အရင်တုန်းကဆိုလက်နက်ကြီးတွေစိုးရိမ်ရတယ်။ အခုဆိုရင် လက်နက်ကြီးရော၊ လေယာဉ်ရော ထပ်စိုးရိမ်ရတယ်။ ကျောင်းမှာရှိနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကလည်း လေယာဉ်ကို ပိုစိုးရိမ်စိတ်များလာတာတွေ့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လေယာဉ်သံကို ပိုပြီးနားစွင့်လာကြတယ်ပေါ့နော်။ အတတ်နိုင်ဆုံးဗုံးခိုကျင်းတွေကိုလည်း တည်ဆောက်ထားဖို့ ဆော်သြထားတာတွေလည်းရှိပါတယ်။ အဲဒီတော့ပြောရရင် ကျွန်တော်တို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော စိုးရိမ်နေရတာတော့ အရင်နှစ်တွေထက်စာရင် အခုရက်ပိုင်း အခုလပိုင်းမှာ ပိုပြီးမြင့်တက်တာအမှန်ပဲ” လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ကလေးတွေစာသင်နေတဲ့ ကျောင်းတွေအပေါ်ကို ဗုံးကြဲတိုက်ခိုက်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို တိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် (၁၃) ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ – ၆ နယ်မြေမှာလည်း ဧပြီလနဲ့ မေလအတွင်း လေ ယာဉ်နဲ့ (၃၁) အထိဗုံးကြဲတိုက်ခိုက်ခံခဲ့ရသလို မြေပြင်စစ်ကြောင်းက (၁၈၄) ကြိမ်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် စာသင်ကျောင်း (၃) ကျောင်းပျက်စီးခဲ့ရတယ် လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေက ကျောင်းတွေနဲ့ မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ ရခိုင်ပြည်နယ်ကကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် တော်လှန်ရေးအား ကောင်းတဲ့ နယ်မြေတွေက ကျောင်းတွေကိုတော့ အငြိုးတကြီး တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.