ဆားလင်းကြီး – ဇွန်(၃)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်နေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့ကဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ဂျီကို ဝမ်ပေါင်မှာ ကင်းပုန်း ဝပ်နေတဲ့ စစ်ကောင်တပ်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ(၃) ရက်နေ့မှာတော့ မုံရွာစစ် ကြောရေးစခန်းပို့ဆောင်လိုက် တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင်ဟာ ရိုက်နှက် နှိပ်စက်ခံနေရတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်နေရပြီး သူတစ်ခုခုဖြစ်ရင် စစ်တပ်ဘက်က တာဝန်ခံရမှာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဆားလင်းကြီး – ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ဂျီကို လာရောက်ဖမ်းဆီးချိန်မှာလည်း စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတစ်ဦးရဲ့ ဒူးအောက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇွန်လ(၃) ရက်နေ့မှာလည်း ကိုဗန့်ဂျီကို ဆားလင်းကြီးကနေ မုံရွာစစ်ကြောရေးပို့ဆောင်ဖို့ လာခေါ်ချိန်မှာ စစ်ကောင်စီတပ်တွေက ဆားလင်းကြီး-ညောင်ပင်ကြီး ကားလမ်းဘေးက ကျေးရွာ တွေမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်လုယက်တာတွေရှိခဲ့တဲ့အတွက် ပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ