မိုးဗြဲ – ဇွန်(၃)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ရှမ်း-ကယားနယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိတ အသင်းကပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၃) ရက်နေ့ မနက်(၆) နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီး (၅) လုံးထက်မနည်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီလက်နက်ကြီးဟာ မိုးဗြဲမြို့လယ် ပွဲကုန်း(၂) ရပ်ကွက်မှာမှာ ကျရောက်ပေါက်ကွဲခဲ့ တဲ့အတွက် အိမ်ရှေ့မှာ တံမျက်စည်းလှည်းနေတဲ့ အသက်(၂၂) နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။

လက်နက်ကြီး ယမ်းစထိမှန်ခဲ့တာကြောင့် ဦးခေါင်းခွံ ပေါက်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ထိမှန် ဒဏ်ရာ ညာဘက် ပေါင်ထိမှန်ဒဏ်ရာတွေနဲ့ အဲဒီအမျိုးသားကို ရွှေလွိုင်ကော် ပရဟိတအသင်းက လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်ပြီးနောက် သေဆုံးသွားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လွိုင်ကော်-မိုးဗြဲကားလမ်းမှာ အရပ်သားတွေ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုတွေ ရှိခဲ့သလို ဇွန်လအစောပိုင်းမှာတင် စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသူ (၂) ဦးအထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း(၂) နှစ်ကျော် ကာလအတွင်း ကယားပြည်နယ်မှာ သေဆုံးသူ (၃၂၆) ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရွှေလွိုင်ကော် ပရဟိတအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.