မော်လမြိုင် – ဇွန်(၂)

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိရောက်စွာ တည့်မတ်နိုင်ဖို့အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို ကြားကာလ ဗဟိုဘဏ် (Interim Central Bank) အဖြစ် အာဏာအပ်နှင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်တွေအပြင် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးတယ်လို့ ဆိုထားတာပါ။

ဒါ့အပြင် ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းပြီး စီမံခန့်ခွဲဖို့နဲ့ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဟာ ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြားကာလဗဟိုဘဏ် လုပ်ဆောင်ရမယ့် အချက်တွေမှာ နိုင်ငံတကာနဲ့ ဒေသတွင်း ဗဟိုဘဏ် နည်းတူ ဗဟိုဘဏ်တရပ်အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဖို့၊ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့၊ လိုင်စင်လျှောက်ထားလာတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတွေကို စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစစ်ကောင်စီဗဟိုဘဏ်က ထိန်းချုပ်ထားတဲ့ ဘဏ်တွေဟာ ဘဏ်တခုအနေနဲ့ စောင့်ထိန်းရမယ့် အပ်ငွေအပ်နှံသူ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့်ရှုဘဲ စစ်တပ်အလိုကျ ဆောင်ရွက်ခဲ့တဲ့ အတွက် ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေကို အချိန်မီကုစားနိုင်ဖို့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

စစ်ကေင်စီတပ်က အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေကို အကြမ်းဖက်သတ်ဖြတ်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဆီ အပါအဝင် လက်နက်နဲ့ လက်နက်ထုတ်လုပ်ရေး ပစ္စည်းတွေဝယ်ယူချိန်မှာ အသုံးပြုနေတာကို တားဆီးကာကွယ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ NUG က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.