တနင်္သာရီ၊ ဇွန်(၂)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်တွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံ ၂၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ တနင်္သာရီမြို့နယ် (ပကဖ)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁ ရက်နေ့ မနက်ပိုင်းကစပြီး တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနဲ့ ဆန်းသစ်ရွာတောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လယ်သစ်၊ ချောင်းဝနဲ့သောင်ဖြူကျေးရွာထဲကို လက်နက်ကြီးအချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်နက် ကြီးရန်ကြောင့် လယ်သစ်နဲ့သောင်ဖြူကျေးရွာ ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါတယ်။

ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အတွင်း လူနေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် အရေအတွက် အတိအကျမသိရသေးဘူးလို့ တနင်္သာရီမြို့နယ် (ပကဖ) ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ လယ်သစ်ဒေသထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ မြိတ်ဘက်ကနေ တနင်္သာရီဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဆင်ဒင်၊ ချောင်းညီကို၊ ရမ်းဖိုးနဲ့ဘန်းလမွန်ရွာတွေကြားမှာ ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.