မဏိပူရ – ဇွန်(၃)
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်မှာ တိုင်းရင်းသားအချင်းချင်းထိတွေ့တိုက်ပွဲ တွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတစ်ခုမှာ မျိုးနွယ်စု စစ်သွေး ကြွ (၃၀) ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အဲဒီပြည်နယ်မှာ မကြာသေးခင်က တင်းမာမှုတွေမြင့်တက်လာပြီး နောက်ဆူပူမှုတွေနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် အနည်းဆုံးလူ (၆၀) လောက်သေဆုံးခဲ့ပြီး (၃၅၀၀၀) နီးပါး ရွှေ့ပြောင်းခဲ့ရတာပါ။
ပြီးခဲ့တဲ့ မေလ(၃) ရက်နေ့ကစတင်တဲ့ အကြမ်းဖက်မှုတွေမှာ မျိုးနွယ်စုဝင်မဟုတ်တဲ့ မေတီ လူမျိုးစုနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မျိုးနွယ်စုတွေ ပေးအပ်တဲ့ စီးပွားရေးအကျိုး ရလဒ် တွေ၊ ဝေစုတွေနဲ့ ဆက်စပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ်အကြီးအကဲ အန်-ဘီရန်ဆင်က အဲဒီဖြစ်စဉ်တွေကြောင့် စစ်သွေးကြွ (၃၃) ဦးသတ် ဖြတ်ခံခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ရဟတ်ယာဥ်ပါဝင်တဲ့ အကြီးစား စုပေါင်းစစ်ဆင်ရေးတွေကို စတင်ထားခဲ့ပါပြီ။ ကျွန်ုပ်တို့ အနေနဲ့က ပြည်သူလူထု ကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို ဖမ်းဆီးပြီး သုတ်သင်သွားမှာပါ” လို့ ပြည်နယ်အကြီးအကဲ က ပြောပါတယ်။
အိန္ဒိယအစိုးရကလည်း မေလအစောပိုင်းက အရံတပ်နဲ့ စစ်သားထောင်ကျော်ကို လူဦးရေ (၃) သန်းကျော်ရှိတဲ့ မဏိပူရ ပြည်နယ်ကို စေလွှတ်ထားတယ်လို့ သိရပါတယ်။
မဏိပူရ ဟာ မြန်မာနိုင်ငံနယ်စပ်နဲ့ (၄၀၀) ကီလိုမီတာမှာ တည်ရှိပြီး ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ဒုက္ခသည် ထောင်နဲ့ချီဝင်ရောက်ခိုလှုံဝင်လာတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။
Ref: Reuters