ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ KNDF ထူထောင်တာ ၂ နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ KNDF ဟာ စတင်ဖွဲ့ စည်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်းအကြိမ် ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် KNDF ထူထောင်တဲ့ ၂ နှစ်အတွင်း ပြောင်းလဲတိုးတက်လာမှု၊ ကရင်နီပြည်နယ်အတွင်း စစ်ရေးအခြေအနေ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင်မှုအပါအဝင် ဆက်ဖြစ်လာနိုင်တဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ကရင်နီပြည်နယ်ရဲ့ လက်ရှိအခြေအနေကို ပြောပြပေးပါဦး။

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ထိုးစစ်တွေက ပြင်းထန်နေတုန်းပဲရှိတယ်။ တပ်မ ၆၆၊ ၇၇၊ ၉၉နဲ့ တပ်မ၁၀၁ ကရင်နီပြည်ကို ထိုးစစ်ဆင်တာတွေ အပြင်းထန်လုပ်နေတယ်။ စစ်ကောင်စီရဲ့ တိုက်ပွဲထိုးစစ်တွေကြောင့်မို့ တိုက်ပွဲနယ်မြေတွေ အတိုင်းအတာတစ်ခုထိ ကျယ်ပြန့်သွားခဲ့တယ်။ အဓိက စစ်ကောင်စီဘက်က မြေပြင်မှာ တိုးချဲ့ပြီး ထိန်းချုပ်တဲ့ဟာတွေကတော့ သိပ်မရှိဘူး။

-တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီဘာကြောင့် မထိန်းချုပ်နိုင်ဘူးလို့ မြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

စစ်ကောင်စီက ကရင်နီပြည်ကို  ဘာလို့မထိန်းချုပ်နိုင်လဲဆိုတော့ ကရင်နီပြည်မှာစစ်ကောင်စီကို ထောက်ခံသူ မရှိသလောက်ပဲဖြစ်လို့ပါ။ စစ်ကောင်စီက မြို့တွင်းမှာ အတင်းအဓမ္မလူတွေကို မထွက်ခိုင်းတဲ့နေရာတွေက လွဲလို့ ကျန်တဲ့နေရာတွေတိုင်းမှာ လူထုတွေက စစ်ကောင်စီကို လုံးဝနာကျည်းမုန်းတီးပြီးတော့မှ စစ်အုပ်ချုပ်ရေးကို ငြင်းဆန်ကြတာပေါ့။ ဒါကြောင့်မို့  မြို့တွင်းမှာရော၊ မြို့ပြင်မှာရော စစ်ကောင်စီတပ်တွေနေဖို့အတွက် စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတွေ တပ်ဖြန့်ပြီးတော့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေလုပ်ဖို့ အခက်အ ခဲဖြစ်နေတဲ့အခြေအနေမျိုးမှာ သူတို့ရဲ့ ထိန်းချုပ်မှုစွမ်းအားတွေမရှိဘူး။ ဒါက ကျွန်တော်တို့ ပြည်နယ်အတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်လည်း စစ်ကောင်စီမထိန်းချုပ်စေချင်ဘူးဆိုရင် စစ်ကောင်စီကို ထောက်ခံမှုတွေ လျော့ချရမယ်။ ပြီးရင်တော့ သူတို့ရဲ့လူတွေဖြစ်တဲ့ အုပ်ချုပ်ရေးသမားတွေပဲဖြစ်ဖြစ်၊ ထောက်လှမ်းရေးသမားတွေပဲဖြစ်ဖြစ် စနစ်တကျဖြိုခွဲပြီးမှ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်အောင် လုပ်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်နယ်မှာလည်း ဒီလိုပဲရင်ဆိုင်ပြီးမှ ကျော်လွှားတယ်။ ကျွန်တော်တို့ ပြည်နယ်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးတွေက လက်တံရောက်နိုင်ဖို့ နေနေသာသာ သူ့ရဲ့နေရာတွေမှာ လူထုတွေကို လူသားဒိုင်းသဖွယ် တားတာကလွဲလို့ အုပ်ချုပ်ရေးကို မတည်ဆောက်နိုင်ဘူးဖြစ်ပါတယ်။ ဒီရဲ့အနှစ်သာရကြောင့်လို့ပဲ ဖြစ်ပါတယ်။ လူထုတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပါဝင်မှုတွေကြောင့်မို့ပဲ ကရင်နီပြည်မှာ စစ်ကောင်စီထိန်းချုပ်နိုင်စွမ်းမရှိတာ အဓိက ဖြစ်ပါတယ်။

-ဒီတော်လှန်ရေးက ကြာဦးမယ်လို့ သုံးသပ်ကြတယ်။ ဆိုတော့ တော်လှန်ရေးကြာလာတာနဲ့အမျှ ကရင်နီပြည် နယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။

စစ်ကောင်စီရဲ့ ထိုးစစ်ပေါ်မူတည်ပြီး တိုက်ပွဲအခြေအနေတွေက ပိုပြင်းထန်မယ်။ ပိုဆုတ်ယုတ်သွားမယ်။  သေချာတာတစ်ခုက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ပြည်နယ်က လူထုတွေက လက်မခံနိုင်ဘူး။  လူထုတွေအားလုံးက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်စနစ်တစ်ခုသွားမယ်။ ၂၀၀၈ဖွဲ့စည်းပုံရော၊ စစ်အုပ်ချုပ်ရေးကိုတွေရော၊ လူထုတွေအားလုံးက လက်မခံနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်တယ်ပေါ့။ ဒီနိုင်ငံရေးအဖြေကို စစ်ကောင်စီက လူထုတွေကိုပေးနိုင်မှ စစ်တန်းလျားကိုပြန်သွားတဲ့အချိန်မှ ကျွန်တော် တို့ တိုက်ပွဲပြီးဆုံးနိုင်မယ့် အခြေအနေကို ပိုပြီးမှ ရှင်းရှင်းလင်းလင်းသိလိမ့်မယ်။ စစ်ကောင်စီကြောင့်မို့ စစ်ပွဲတွေက ကြာရှည်ခြင်း ဖြစ်သလို စစ်ကောင်စီက ဒီတိုင်းပြည်က ယိုယွင်းပျက်စီးစေတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။

-KNDF ပေါ်ပေါက်တာ ၂ နှစ်ပြည့်ပြီ၊ ၂ နှစ်အတွင်း KNDF ရဲ့အခြေအနေတွေနဲ့ တိုးတက်မှုတွေကို ပြောပြပေးပါဦး။

KNDFက ၂နှစ်တာကာလအတွင်းမှာ အကောင်းဆုံး ရပ်တည်ကြိုးစားခဲ့ကြတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ KNDF ကို ဝိုင်းပြီးတော့မှ တခြားသော တပ်ဖွဲ့တွေရော၊ ပြည်တွင်း၊ ပြည်ပရောဝိုင်းကူညီတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားမှုကြောင့်ပဲ တိုးတက်မှုတွေ အားရကျေနပ်ပါတယ်။ ဒီလို အားရကျေနပ်တာအပြင်တဖက် မှာလည်း ဝမ်းနည်းစရာလေးတွေရှိပါတယ်။ ၂နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့  ရဲဘော်၁၅၃ဦး အာဇာနည်အဖြစ် ကျဆုံးခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

– KNDF အနေနဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြောပြလို့ရတာ၊ အသိပေးချင်တာရှိရင် ပြောပြပေးပါဦး။

KNDFရဲ့ ရှေ့လုပ်ငန်းစဉ်ကတော့ တော်လှန်ရေးကို စစ်ကောင်စီဘက်က လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဖို့ ကြိုးစားနေသမျှ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးကို ဆက်ပြီးမှလုပ်ယူသွားမယ်ပေါ့။ ကျွန်တော်တို့ရဲ့ နယ် မြေတွေ၊ ကျွန်တော်တို့ရဲ့ ကျေးရွာတွေကို လက်နက်နဲ့ကာကွယ်ရမယ်ဆိုလည်း ကာကွယ်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အုပ်ချုပ်ရေးတွေကို ဖက်ဒရယ်စနစ်တွေကို အခုချိန် တည်းကစပြီးမှ  တည်ဆောက်သွားဖို့ ရှိပါတယ်။ ပြည်နယ်အစိုးရ ဖွဲ့စည်းမှုတွေမှာလည်း KNDFအနေနဲ့ အား ပေးပြီးမှ ထောက်ခံသွားမယ့် နိုင်ငံရေးရည်မှန်းချက်တွေရှိသလို ကျွန်တော်တို့မြေပြင်မှာတော့ တိုက်ပွဲတွေရော ထိန်းချုပ်မှုတွေရောပေါ့။ လက်နက်အင်အားဖျက်ဆီးတဲ့ ဟာတွေရော ရှေ့လုပ်ငန်းစဉ်တွေထဲမှာ မပြောလည်း ကြိုးစားနေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့ပဲ ပြောလို့ရပါတယ်။

– နောက်ဆုံးအနေနဲ့ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောကြားပေးပါဦး။

ဒီနေ့မှာတော့ ကရင်နီ DREAM ကို ထုတ်ပြန်တာဖြစ်ပါတယ်။ ကရင်နီ DREAM မှာတော့ တန်းတူအခွင့်အရေး ၊စည်းလုံးညီညွတ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ဖက်ဒရယ် ကျွန်တော်တို့ ကရင်နီပြည်သူလူထုအနေနဲ့ ရပ်တည်သွားမယ်။ ရအောင်တည်ဆောက်သွားမယ်။ ဒီကရင်နီ DREAM သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး လူထုတွေအားလုံး လိုလားတောင်းတတဲ့အရာလည်း ဖြစ်တယ်။ ဒီလိုယုံကြည်မှုတွေ အိပ်မက်တွေက ရှိမှသာလျှင် ကျွန်တော်တို့ လက်တွေ့မှာ အကောင်အထည်ဖော်တဲ့ အရာရာတိုင်းမှာ ဒီတော်လှန်ရေးတိုက်ပွဲအတွက် သော်လည်းကောင်း၊ လူထုတွေ ပါဝင်မှုသော်လည်းကောင်း၊ ဒီရည်မှန်းချက်နောက်ကို သွားနေတယ်ဆိုတာဖော်ပြပြီးမှ ဒီ DREAM တွေက အိမ်မက်သက်သက်သာမဟုတ်ဘဲ တကယ်ပဲ အကောင်အထည်ဖော်နိုင်တယ်ဆိုတာ ဒီနေ့ဒီအချိန်မှာ  ပြသနေတယ်ပေါ့။

ကျွန်တော်တို့ တကယ်ပဲ အားလုံးတန်းတူမျှတတဲ့ အခွင့်အရေးမျိုးတွေနဲ့ စုစုစည်းစည်း ရပ်တည်ကြတယ်။ မတူကွဲပြားတဲ့လူမျိုးတွေ ရပ်တည်သလို ကျွန်တော်တို့နဲ့ အတူနည်းပေါင်းစုံနဲ့ လက်တွဲနေတဲ့ အဖွဲ့အစည်းအသီးသီး က ဒီညီညွတ်မှုကို ထိန်းသိမ်းပြီးမှ သွားနေသလို အခုဆို ကျွန်တော်တို့ ကရင်နီပြည်နယ်အဆင့် အုပ်ချုပ်ရေးတွေ ထိန်းချုပ်နိုင်မှုတွေက ပိုတိုးချဲ့ပြီး လုပ်သွားတယ်။ ထိန်းချုပ်မှုနေရာတိုင်းမှာ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ကျင့်သုံးသွားမယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတွေကို ဆန့် ကျင်သွားပြီး သူ့ရဲ့အုပ်ချုပ်ရေးတွေ၊ အာဏာစက်တွေကို ရပ်တန့်အောင်လုပ်သွားရင်းနဲ့ ကျွန်တော်တို့ရဲ့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်သွားဖို့ပဲ ရည်မှန်းချက်ကို တဖြည်းဖြည်းပြီးမြောက်လာတဲ့ အပေါ်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.