ကျိုက်ထို၊ ဇွန်(၂)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာထဲကို စစ်ကောင်စီ အမြောက်တပ်ကနေ လက် နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ မိသားစုဝင် ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်မ (၄၄)လက်အောက်ခံ အမှတ်(၆၀၂) အမြောက်တပ်ဟာ ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ လှည်းလမ်းကူးလမ်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ် ခတ်ခဲ့တာပါ။

စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လှည်းလမ်းကူးကျေးရွာနေ ဦးစောထွန်းနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးထိမှန်တာကြောင့် ဦးစောထွန်း၊ ဒေါ်ဝင်းစန္ဒာမြင့်၊ ကိုထွန်းထွန်းလင်းနဲ့ ကလေးငယ်တွေဖြစ်တဲ့ မောင်သိမ်းပိုက်စိုးစံ၊ မောင်မြင့်မြတ်လင်း၊ မယွန်းရတီထွန်းတို့ ဦးခေါင်း၊ လက်နဲ့ ခြေထောက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်တွေကို ဒေသလူမှုကူညီရေးအသင်း အကူအညီနဲ့ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.