ရေး၊ ဇွန်(၁)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ မေ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ထဲကို မောင်းဝင်လာတဲ့ စစ်ကောင်စီရိက္ခာယာဉ် တန်းကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ မော်လမြိုင်-ရေးကားလမ်းမှာ တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တာပါ။

အောင်သပြေကျေးရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း သေနတ်နဲ့ပစ်ခတ်တဲ့အသံကြားရတာကြောင့် အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးဟာ နေအိမ်ပေါ်ကနေ အိမ်အောက်ရှိ ကတုတ်ကျင်းထဲ ဝင်ရောက်ပုန်းခိုဖို့ ဆင်းလာစဉ် သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာပါ။

ဒေသခံတွေအဆိုအရ သေဆုံးသွားတဲ့ အမျိုးသားဟာ စစ်ကောင်စီယာဉ်တန်းကို ဒေသ PDF က ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ကနေ ပြန်လည်ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ရေး-သံဖြူဇရပ်လမ်းပိုင်း ပစ်ခတ်မှုတွေကြောင့် ခရီးသွားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးထားပြီး ၃၀ နီးပါး ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.