စစ်ကိုင်း၊ မေ(၃၁)
အတိုက်အခံအင်အားစုတွေရဲ့ ထောက်ပို့တွေကတဆင့်ရရှိနေတဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ အချက်အလက်တွေရရှိရေးအတွက် ဆင်းကတ်တွေကို မှတ်ပုံတင်ဖို့နဲ့ မှတ်ပုံမတင်ရင် အပြီးပိုင်ပိတ်သိမ်းဖို့ စစ်ကောင်စီကြံစည်လာတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်ကတည်းက အစပျိုးခဲ့တဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု စွပ်စွဲချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်း ယူထားတဲ့ စစ်ကောင်စီက ဆက်လက်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပ ရေတာအားလုံးကို စစ်တပ်ထိန်းချုပ်မှုအောက်ကနေ ဖိအားပေးပြီး မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကတ်တွေကို အပြီးပိတ်သိမ်းဖို့ လုပ်ဆောင်နေတာပါ။
စစ်ကိုင်းတိုင်း စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးကတော့ ဖုန်းဆင်းကတ်တွေ မှတ်ပုံတင်ခိုင်းတာဟာ တော်လှန်ရေးမှာ လှုပ်ရှားနေသူတွေရဲ့ အချက်အလက်ရချင်လို့ လုပ်ဆောင်တာဖြစ်သလို ထောက်ပံ့ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းတာလို့ ပြောပါတယ်။
“အချက်အလက်တွေ ရချင်လို့ ဒီလိုလုပ်တာပေါ့။ K Pay တွေဘာတွေ ပိတ်ပစ်တယ်၊ ကျွန်တော်တို့ဆို အပိတ်ခံရဖူးတယ်လေ၊ ကိုယ့်နာမည်နဲ့ ကိုယ့်မှတ်ပုံတင်နဲ့ (ဆင်းကတ်မှတ်ပုံတင်) တင်ထားတာကို ပိတ်ပစ် တယ်။ ပိုက်ဆံတွေ တော်တော်ဆုံးရှုံးရတယ်ဗျ။ အဓိကဒီကိစ္စက သူတို့မရိုးသားတာ သေချာတယ်ဗျ။ သူတို့အနေနဲ့ မနိုင်နိုင်ရာဘက်ကို မည်းတာပေါ့။ မြေပြင်မှာသူတို့စစ်ကြောင်းထိုးရင် သူတို့လူတွေပဲ အကျအဆုံးများ၊ အထိခိုက်များတယ်။ နောက်ဆုံးသူတို့အနေနဲ့ ဒီတော်လှန်ရေးမှာ ထောက်ကူတွေ ဘယ်ကနေဘယ်လိုဝင်တယ်ဆိုတာ လမ်းကြောင်းတွေ သူတို့သိပြီးသားဗျ၊ ချုပ်ကိုင်တဲ့ သ ဘောပေါ့။ ဒါတွေကို ချုပ်ကိုင်ပြီး ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်မယ်ပေါ့”လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်တွေ ထောက်လှမ်းတာအပြင် ထောက်ပို့တွေအသုံးပြုတဲ့ ဘဏ်အကောင့်တွေ၊ ဖုန်းနံပါတ်နဲ့ဖွင့်ရတဲ့ မိုးဘိုင်းငွေကြေးအကောင့်တွေကို ပိတ်သိမ်းခဲ့တာတွေလည်း ရှိနေတာပါ။
နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိတဲ့ မိုဘိုင်း ဖုန်းဆင်းမ်ကတ်တွေကို ရက်ပေါင်း ၉၀ အတွင်း အပြီးပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီဩဇာခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မတ်လတုန်းက ထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာ ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT ၊ ATOM၊ OOREDOO နဲ့ စစ်တပ်ပိုင် MYTEL ဆင်းကတ်အသုံးပြုသူတွေထံ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံနဲ့ မှတ်ပုံတင်ခိုင်းဖို့ SMS အပြင် တယ်လီဖုန်းနဲ့ပါ ပေးပို့အကြောင်းကြားနေတာ ဖြစ်ပါတယ်။
SMS တွေရရှိပြီး နိုင်ငံသားစိစစ်ရေးကတ်အမှန်နဲ့ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိတဲ့ ဖုန်းဆင်းမ်ကတ်တွေကို One Way Block အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနဲ့ ဒေတာအသုံးပြုမှု ရပ်ဆိုင်းတာတွေ လုပ်ဆောင်မယ်လို့ စစ်ကောင်စီက သတိပေးထားတာပါ။
စစ်ကောင်စီရဲ့ သတိပေးချက်အပေါ် စစ်ကိုင်းခရိုင်၊ခရိုင်မြို့၊ရင်း ၁ မှူး ၊ တပ်ရင်း (၁) ရှိ ဗိုလ်ယက္ခက ဆင်း ကတ်တစ်ကတ်ရဲ့တန်ဖိုးနဲ့ တာဝါတိုင်တစ်တိုင်ရဲ့တန်ဖိုးကို ချင့်ချိန်ပြီး ဖုန်းတွေကို အဝင်အ ထွက်ခေါ်ဆိုမှု ပိတ်တာ၊ ဖုန်းလိုင်းဖြတ်တောက်တာလုပ်ရင် တာဝါတိုင်တွေနဲ့ နယ်ခွဲရုံးတွေကို အရေး ယူသွားမယ်လို့ ATOM အော်ပရေတာကို သတိပေးတုံ့ပြန်ပါတယ်။
စစ်ကောင်စီကတော့ One Way Block ဆောင်ရွက်ထားတဲ့ အချိန်ကစပြီး ရက်ပေါင်း (၉၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိတဲ့ ဖုန်းဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းသွားမယ်လို့ မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူတစ်ဦးကတော့ လိုင်း မရရှိတဲ့အတွက် ဆင်းကတ်မှတ်ပုံတင်လို့ မရတာကြောင့် သုံးနေကျ ဆင်းကတ်ပိတ်သိမ်းခံရပြီး နောက်ထပ် ဆင်းကတ်ဝယ်ဖို့ ဈေးအဆမတန်ပေးရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လိုင်းကလည်း မရတဲ့အခါကျတော့ မှတ်ပုံတင်လို့လည်း မရဘူး။ အဲဒီလိုမျိုး လက်လှမ်းမမီလို့ သုံးနေကျ ဆင်းကတ်ကို မသုံးတော့ဘဲနဲ့ အခုနောက်ပိုင်းဆို အဆက်အသွယ်ရချင်တယ်၊ ဖုန်းခေါ်မယ်ဆိုရင် ဖုန်းက (ဆင်းကတ်ပိတ်ခံထိတာ) လုံးဝမရတော့ဘူး၊ သုံးနေကျ ဆင်းကတ်ကို ဖယ်ထားလိုက်ရမှာ။ ဆင်းကတ်အသစ်တစ်ခုကို မြို့ထဲသွားမှာရင် ၄/၅ ထောင်နဲ့ ရကောင်းရနိုင်တယ်။ ကိုယ့်နယ် ဘက်မှာကျတော့ တစ်ကတ်ကို တစ်သောင်းအထိ ဖြစ်သွားတာလေ”လို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်ဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးတပ် (PDF)တို့ဟာ စစ်ကောင်စီတပ်ကို မြေပြင်တိုက်ပွဲအပြင် လေကြောင်းကနေလည်း ကြံ့ကြံ့ခံရင်ဆိုင်နေတာပါ။
တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ချင်းပြည်နယ်အပါအဝင် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းနေ ဒေသခံတစ်ဦးကလည်း မှတ်ပုံတင်အစစ်နဲ့ ဆင်းကတ် အသုံးပြုသူတွေ တော်လှန်ရေးမှာပါဝင်နေရင် ဖမ်းဆီးအရေးယူတာတွေ လုပ်နေသလို ကျင့် ဝတ်ချိုးဖောက်ပြီး အသံခိုးယူနားထောင်နေတာရှိတယ်လို့ ဆိုပါတယ်။
“မှတ်ပုံတင်အစစ်အမှန်နဲ့ လက်လှမ်းမီတယ်ဆိုရင် သူတို့ စွဲစိမယ့်သဘောမျိုးလို့ ထင်တယ်။ အဲဒီလိုမျိုး လုပ် မှာပဲ၊ လုပ်လည်း လုပ်နေတာပေါ့။ ဘာလို့ဆို အဲဒီလိုမျိုးလုပ်တာ တော်လှန်ရေးအပေါ် နှောင့်နှေးသွားစေတယ်။ ဖုန်းနဲ့ဆက်သွယ်လုပ်ဆောင်နေတဲ့ တော်လှန်ရေးကိစ္စတွေကို နှောင့်နှေးသွားစေချင်လို့ လုပ်တာဖြစ် တယ်။ အင်အာနက်လိုင်းဖြတ်ခံထားရတဲ့ ဒေသတွေဆိုရင် ဘယ်လိုသွားတင်မလဲ၊ သူတို့က အင်တာနက်ပိတ်ထားတာကိုး။ အဲဒီလိုဆို ဖွင့်ပေးပါလို့ ပြောရမလိုဖြစ်နေတာပေါ့။ အဲဒီအတွက် ကျွန်မတို့ကတင်လို့ အဆင်မပြေဘူး၊ အင်တာနက်ဖြတ်ထားတဲ့ ဒေသတွေအကုန်လုံးနီးပါးပေါ့။ နောက်တစ်ခုက သူတို့ Ethic (ကျင့်ဝတ်) ချိုးဖောက်ပြီး ခိုးယူနားထောင်ဖို့ လုပ်တဲ့ကိစ္စဆိုတော့ ဒီလိုတင်ခိုင်းတဲ့အပေါ် ကျွန်မတို့ကလုံးဝရှုတ်ချတယ်”လို့ ပြောပါတယ်။
ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ SIM Card အမျိုးမျိုး သုံးစွဲသူ ၆၃ သန်းကျော်ရှိနေပြီး လက်ရှိမှာတော့ ပြည်တွင်းဖုန်းအော်ပရေတာတွေကို စစ်တပ်ကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေရဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို မတ် ၁၀ ရက်နေ့က ပြဌာန်းထားပါတယ်။
အဲဒီနည်းဥပဒေအရ အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီက သက်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရရှိသူထံ အီလက်ထရောနစ် ဆက်သွယ်မှုတွေကို ဖြတ်တောက်တာ၊ ကန့် သတ်တာ၊ ကြားဖြတ်ဖမ်းယူတာတွေ ပြုလုပ်ဖို့ ခွင့်ပြုမိန့် ထုတ်ပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု နည်းဥပဒေဟာ အတိုက်အခံ တော်လှန် ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ပြည်သူတွေ ထောက်ပံ့နေမှုကို ဖြတ်တောက်ဖို့နဲ့ လူထုတွေအပေါ် ဖိနှိပ်မှုတွေလုပ်ဖို့ ပြဌာန်းတာလို့ ဝေဖန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-CJ