မော်လမြိုင်၊ မေ(၃၁)

စစ်ကောင်စီရဲ့ ဒေါ်လာငွေလိုအပ်ချက်ကြောင့် အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အခြေခံကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုပါတယ်။

ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ ပြီးခဲ့တဲ့မေလတတိယပတ်အတွင်း အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ကျပ် ၂၈၀၀ ဝန်ကျင်းသာရှိရာကနေ အခုအခါမှာတော့ တစ်ဒေါ်လာကို ကျပ် ၂၉၆၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍမှာ နိုင်ငံခြားလိုငွေတွေ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကြပါတယ်။

စစ်ကောင်စီကုန်သွယ်မှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် မတ်လအထိ ပို့ကုန်ကဏ္ဍကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆,၆၀၀ ကျော်သာ ရရှိခဲ့ပေမယ့် သွင်းကုန်ကဏ္ဍမှာတော့ ကန်ဒေါ်လာ သန်းပေါင်း ၁၇,၃၀၀ ကျော်အထိ သုံးစွဲထားရပြီး သွင်းကုန်နဲ့ပို့ကုန်ကဏ္ဍ နှိုင်းယှဉ် ကန်ဒေါ်လာသန်းပေါင်း ၇၀၀ ကျော် လိုငွေပြနေတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍ လိုငွေကြောင့် ဆက်တိုက်မြင့်တက်နေတာဖြစ်ပြီး အခုအခြအနေတွေကြောင့် ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ သုံးသပ်တာပါ။

“ပြည်တွင်းကဏ္ဍကတော့ ပို့ကုန်မပို့နိုင်ဘူး။ သွင်းကုန်တွေက မေလဒုတိယပတ်လောက်အထိ သန်း (၈၀၀)လောက် လိုငွေပြနေတယ်။ အမှန်ကသူတို့ စီစဉ်ထားတာက ပိုငွေပြဖို့စီစဉ်ထားတာ။ ဒါပေမယ့် လိုငွေဆက်တိုက်ပြနေတယ်။ လိုငွေကလည်း တဖြည်းဖြည်းနဲ့ မြင့်လာတယ်ဆိုတော့ အဲဒီဟာကြောင့်လည်း ဒေါ်လာဈေးကွက်ထဲမှာပြတ်နေတယ်။ ငွေကြေးဖောင်းပွမှုရဲ့ သက်ရောက်မှုက အမှန်ကတော့ ငွေလဲလှယ်မှုတက်လည်းပဲ သူကသွင်းကုန်ပစ္စည်းတွေပဲ တက်ရမှာပေါ့။ ဒါပေမယ့် အဲဒီသက်ရောက်မှုက အဲဒီမှာတင်ရပ်မသွားဘူး၊ အခု ပြည်တွင်းထုတ်ပစ္စည်းတွေပါ ဈေးတွေလိုက်တက်နေတယ်။ ဒေါ် လာက အရေးကြီးတဲ့သဘောလိုတောင် ဖြစ်နေပြီအခုက။ ပြည်တွင်းက ပြည်သူတွေကတော့ တော် တော်တော့ ထုံနေပြီပေါ့လေ။ ဒါပေမယ့် အဲဒီလို ဒေါ်လာဈေးတက်သွားလို့ရှိရင် ပထမဆုံးထိမယ့်အုပ်စုက ပုံသေဝင်ငွေရနေတဲ့ လခစားတွေပေါ့၊ သူတို့က အရင်ဆုံးထိမှာဘဲဆိုတော့ ဒီကြားထဲမှာ ပြဿနာကအကြီးကြီးပဲ။ ဆိုတော့သူရဲ့ သက်ရောက်မှုတွေတော့ အများကြီးပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းတွေဟာ ဒေါ်လာဈေးနှုန်းအနည်းငယ် မြင့်တက်ရုံနဲ့ ပြည် တွင်းရှိ ကုန်ပစ္စည်းတွေအပေါ် သက်ရောက်မှုများနိုင်တာကြောင့် ဒေါ်လာဈေးနှုန်းတည်ငြိမ်အောင် စစ်ကောင်စီအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ဒေါ်လာဈေးနှုန်း မြင့်တက်နေမှုဟာ သွင်းကုန်ကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပြီး လူသုံးကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လောလောဆယ်ကတော့ အခုချိန်က ပို့ကုန်ရာသီတော့ မဟုတ်တော့ဘူးပေါ့နော်။ ဒါပေမယ့် သွင်း ကုန်တွေကတော့ ရှိနေတော့ ဓာတ်မြေဩဇာတို့၊ စက်သုံးဆီတို့မှာတော့ နည်းနည်းသက်ရောက်မှု ရှိတာပေါ့။ သွင်းတဲ့အပိုင်းက သွင်းနေမှာပဲလေ။ ဒေါ်လာဈေးတက်တော့လည်း တက်ဈေးအတိုင်း လိုက်ရောင်းကြတာပေါ့။ ဈေးတက်တာတွေ၊ ကျတာတွေက အဓိကမဟုတ်ဘူး။ အရမ်းတက်ပြီး အ ရမ်းကျရင်တော့ ဈေးကွက်ငြိမ်သွားတာ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ချက်ချင်းအလုပ်လုပ်လို့ မရဘူးပေါ့။ အရင်ကျွန်တော်တို့က သွင်းကုန်ကိုပဲ ပုံမှန် (၃)လကြိုပြီးသွင်းရတာတို့ ဘာတို့ဆိုတော့ သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူးပေါ့။ အသစ်ဝယ်ဖို့၊ သွင်းကုန်မှာဖို့ဆိုရင်တော့ ကျွန်တော်တို့ ဒီအချိန်ဘယ်မှာမလဲ။ ဈေးကအရမ်းတက်တော့ ဒေါ်လာဈေးကျမှဘဲမှာကြမှာပေါ့။ ဒေါ်လာဈေးအရမ်းတက်ရင် အခုချိန်ကပို့ကုန်သွင်းကုန်မှာတော့ သက်ရောက်မှုသိပ်မရှိဘူးပေါ့။ ကျန်တဲ့ပစ္စည်းတွေကျတော့ လူသုံးကုန်ပစ္စည်းတွေပဲရှိတာကို၊ (ကွန်မြူနတီ မားကတ်) တွေကတော့ သိပ်မထိပါဘူး၊ အဲဒီလိုမျိုး လူသုံးကုန်ပစ္စည်း ဈေးကွက်ကတော့ နည်းနည်းတက်မှာပေါ့”လို့ ဆိုပါတယ်။

ဒေါ်လာဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ ဝယ်ယူမှု မြင့်တက်နေတာ၊ ကျောင်းဖွင့်ကာလဖြစ်တာကြောင့် ပြည်တွင်းနိုင်ငံတကာ ကျောင်းတွေနဲ့ ပြည်ပကို ကျောင်းသွားတက်မယ့်သူတွေအတွက် ဒေါ်လာဝယ်လိုအားများနေတာ၊ နိုင်ငံတကာ သွားရောက်သူတွေရဲ့ ဒေါ်လာငွေ ဝယ်ယူစုဆောင်းမှုကြောင့် လိုအပ်ချက်မြင့်တက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ကတော့ ဒေါ်လာဈေးနှုန်း တည်ငြိမ်ဖို့အတွက်ဆိုပြီး ရည်ညွှန်း နိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲမှာမဟုတ်သလို ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြားငွေ ငွေ သားကို တိုးမြှင့်ရောင်းချပေးသွားမယ်လို့ မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေက စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဟာ လက်တွေ့မှာ အလုပ်မဖြစ်သလို တကယ်ဝယ်ယူတဲ့ နေရာမှာလည်း လုံလုံလောက်လောက် ဝယ်ယူလို့မရတဲ့အတွက် အပြင်မှာသာ ဈေးကြီးပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်တုန်းက အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၃၀၀ ဝန်းကျင်သာ ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၂ ဆကျော် မြင့်တက်လာပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်နေသလို ဒေါ်လာငွေလိုအပ်ချက်ကလည်း ဆက်လက်မြင့်တက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.