ကျုံဒိုး၊ မေ(၃၁)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့မရဲစခန်းဟာ မေ ၃၀ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခံရတာကြောင့် ရဲမှူးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျုံဒိုးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ကျုံဒိုးရဲစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စခန်းအတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရဲမှူးခင်ဇော်၊ ဒုရဲအုပ်ကျော်သူရနဲ့ ရန်ကုန်မြို့နေသူ ဦးကျော်ကျော်ထွန်းတို့ ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ရဲမှူးအပါအဝင် ၃ ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကျုံဒိုးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကျုံဒိုးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဒါပေမဲ့ ကျုံဒိုးရဲစခန်းတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၄၅) ခမရ(၅၄၆)တပ်ရင်းတွေကနေ ကျုံဒိုးမြို့နယ်၊ သရက်တောနဲ့ ညောင်ရိပ်သာကျေးရွာဘက်ကို လက်နက်ကြီး ၁၂၀-မမ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.