ကျိုက်ထို၊ မေ(၃၁)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနင်းမိတာနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့နေသူ ကိုချမ်းမြေ့အောင်ဟာ ဆိုင်ကယ်နဲ့ ကမ်းနီးကျေးရွာအသွား ကျေးရွာအဝင်လမ်းမှာ မြေမြှုပ်မိုင်းထိမှန်ခဲ့တာပါ။
မြေမြှုပ်မိုင်းထိမှန်တာကြောင့် ကိုချမ်းမြေ့အောင်မှာ ခြေထောက်နဲ့လက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့သလို ဆိုင်ကယ်မှာလည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် မေ ၃၀ ရက်နေ့ မနက် ၇ နာရီအချိန်ကလည်း ဘီးလင်းမြို့နယ်ကနေ သထုံမြို့နယ်ထဲကို မောင်းဝင်လာတဲ့ ၆ဘီးကား ကုန်တင်ယာဉ်ဟာ ရွှေရောင်ပြကျေးရွာအရောက်မှာ မိုင်းဆွဲပစ်ခတ်ခံခဲ့ရတာပါ။
မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ မဂျူးဂျူးဟာ ဦးခေါင်းနဲ့လက်တွေမှာ မိုင်းစနဲ့ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။မိုင်းထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားတွေကိုတော့ သိမ်ဇရပ်ဆေးရုံနဲ့ သထုံခရိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ဘီလင်းမြို့နယ်နဲ့ သထုံမြို့နယ်မှာတော့ အခုလအတွင်း ခရီးသည်ယာဉ်နဲ့ကုန်တင်ကားတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM