မဏိပူရ၊ မေ(၃၀)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ မဏိပူရပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း တိုက်ခိုက်ရေးသမား ဒါဇင်နှင့်ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၃)ရက်နေ့မှာ လူမျိုးစုအချင်းချင်းအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက ပြည်နယ်ဟာ စီးပွားရေးခွဲတမ်း တိုးပေးမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး လူမျိုးစုတွေနဲ့ တိုင်းရင်းသားအများစုဖြစ်တဲ့ မိန်တိမ်း လူမျိုးတွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆူပူအုံကြွမှုတွေမှာ ဒါဇင်နဲ့ချီသေဆုံးပြီး ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုံခြုံရေးတပ်ဖွဲ့များရဲ့ ဖြိုခွင်းမှုအတွင်း တိုက်ခိုက်ရေးသမား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ် အန်ဘီရန်ဆင်းမ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းက ဆူပူအုံကြွမှုအတွင်းမှာလည်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆက် လက်ပြောပါတယ်။

“အကြမ်းဖက်သမားတွေက M-16 နဲ့ AK-47 လိုရိုင်ဖယ်သေနတ်တွေနဲ့ စနိုက်ပါသေနတ်တွေသုံးပြီး အရပ်သားတွေကို တိုက်ခိုက်နေပါတယ်။ နေအိမ်တွေကို မီးရှို့ဖို့ သူတို့ဟာ ရွာတော်တော်များများကို ဖြတ်လာပြီး ရောက်လာကြတယ်” လို့ ဒေသခံမီဒီယာတွေက ဆင်းဂ်ရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့ပါတယ်။

“စစ်တပ်နဲ့ တခြားလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ခဲ့တယ်၊ အကြမ်းဖက်သမား ၄၀ ခန့် ပစ်သတ်ခံရကြောင်း သတင်းရရှိထားပါတယ်” လို့ ဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားတာပါ။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ မြန်မာကြာမှာ တည်ရှိနေတဲ့ အိန္ဒိယအရှေ့မြောက်ဘက် ဝေးလံတဲ့ပြည်နယ်တွေဟာ မတူညီသော လူမျိုးစုများကြား တင်းမာမှုတွေရဲ့ထွက်ပေါက်အဖြစ် ကာလကြာရှည်စွာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

နယူးဒေလီဟာ ထောင်နဲ့ချီတဲ့ စစ်သွေးကြွတွေနဲ့ တပ်ဖွဲ့ဝင်တွေကို လူဦးရေ (၃.၂) သန်းရှိတဲ့ ပြည်နယ်သို့ တွန်းပို့ခဲ့ပါတယ်။

ဟိန္ဒူအများစုဖြစ်တဲ့ ပြည်နယ်မြို့တော် အင်မ်ဖယ်အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ မိန်တိမ်း လူမျိုးအများစုနဲ့ အနီးပတ်ဝန်းကျင် တောင်ကုန်းတွေမှ ခရစ်ယာန်ကူကီးအများစုတို့ကြား တိုက်ပွဲတွေ ဖြစ်ပွား ပြီးနောက် ကာဖျူးထုတ်ပြန်ခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီဒေသတွေမှာရှိတဲ့ မိုဘိုင်းလ်အင်တာနက်ကိုလည်း ရက်သတ္တပတ်များစွာကြာ ဖြတ်တောက်ခဲ့ ပါတယ်။

သေဆုံးသူအများစုဟာ ကူကီးအသိုင်းအဝိုင်းမှဖြစ်ပြီး မိန်တိမ်လူအုပ်ရဲ့ ဖျက်ဆီးမှုကြောင့် သူတို့ရဲ့ ကျေး ရွာတွေနဲ့ဘုရားကျောင်းအချို့ ပျက်စီးခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မိန်တိမ်လူမျိုးစုတွေကိုလည်း တချို့နေရာတွေမှာ ကူကီးတွေက ပစ်မှတ်ထားတယ်လို့ သိရပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ရခြင်းရဲ့ ကနဦးဖြစ်ရပ်မှာ အစိုးရအလုပ်တွေနဲ့ အခြားအကျိုးခံစားခွင့်တွေကို အာမခံချက် ရှိတဲ့ ခွဲတမ်းများပေးဆောင်စဉ် လူမျိုးရေးအခြေခံခွဲခြားမှုကို ကူကီးတွေက ဒေါသဖြစ်ခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.