အင်အားကြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ မေ ၂၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါကြောင့် KIO နဲ့ TNLA တို့ အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးအတွက် ဆက်လက်ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ ထာဝရ မဟာမိတ်စာချုပ် အကောင်အထည် ဖော်ဆောင်ရွက်မှု၊ မြေပြင် အငြင်းပွားမှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်။
– အရင်ဆုံး KIO နဲ့ TNLA တို့ အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။ ဘယ်လို လက်တွဲဆောင်ရွက်သွားဖို့ ရှိနေလဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အားလုံးဝိုင်းဝန်းလုပ်ဆောင်နေတဲ့ အားလုံးရဲ့ ဘုံသဘောတူချက်ကတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ လုပ်နေတဲ့အချိန် ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ အဲဒီလုပ်ငန်းတွေကို ပူးပေါင်းသင့်တဲ့နေရာမှာ ပူးပေါင်းမယ်။ အတူ တကွ လုပ်သင့်တဲ့နေရာမှာ အတူတကွလုပ်မယ့် သဘောမျိုးပါ။ တခြားသီးသန့် ပရိုဂရမ်တွေ ဆွဲထားတဲ့ ဟာတွေကတော့ မဟုတ်ပါဘူး။ အခုကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကျွန်တော်တို့ အတူတကွ လက်တွဲ ပြီးတော့မှ လုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်ခင်ဗျ။
-ပူးတွဲကြေညာချက်ထဲမှာ ထာဝရမဟာမိတ်စာချုပ်ကို အကောင်အထည် ဖော်သွားဖို့လည်း ပါဝင်တယ်ဆိုတော့ မဟာမိတ်မူနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေလဲ။
မဟာမိတ်စာချုပ်ချုပ်ဆိုတာက လွန်ခဲ့သော ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ပလောင်လူမျိုးတွေရဲ့ ခေါင်း ဆောင်တွေ ကချင်နဲ့ပလောင်တွေကတော့ အမြဲတမ်းပေါ့နော် အတူယှဉ်တွဲနေထိုင်ကြဖို့ ချုပ်ဆိုထားတဲ့ စာချုပ် တွေရှိတယ်။ ဒါကလွန်ခဲ့တဲ့ ၁၉၇၅-၇၆ တုန်းက အဲဒီစာချုပ်တွေကို အခုလည်း ကျွန်တော်တို့က ဆက်လက် ပြီးတော့မှ အကောင်အထည်ဖော်မယ်ဆိုတဲ့ သဘောပါ။ သဘောကတော့ အခုလည်း လွန်ခဲ့တဲ့ ကျွန်တော် တို့ရဲ့ ခေါင်းဆောင်တွေ ချုပ်ထားတဲ့စာချုပ်အတိုင်း ကျွန်တော်တို့ အကောင်အထည်ဖော်မယ်။ အကောင်အ ထည်ဖော်မယ်ဆိုတာ ခုနပြောသလိုပေါ့။ ကျွန်တော်တို့ ပလောင်တွေ၊ ကချင်တွေ အားလုံး အတူယှဉ်တွဲပြီးမှ နေထိုင်မယ်ဆိုတဲ့ အချက်လည်းဖြစ်ပါတယ်။
-KIO နဲ့ TNLA တို့ဟာ မြေပြင်မှာ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်တာနဲ့ အငြင်းပွားတာတွေ ရှိနေတယ် ဆိုတဲ့ ဒီအပေါ်မှာ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားဖို့ စီစဉ်ထားပါသလဲ။
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ လက်နက်ကိုင်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းက နားလည်မှု လွဲမှား တာတွေလည်း ရှိကောင်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးကတော့ မဟာမိတ်တွေ စာချုပ်အတိုင်းပဲ ပြန်ဖြစ်မယ်။ တိုက်ပွဲကာလမှာ သူတို့ TNLA တွေရဲ့ အုပ်ချုပ်နယ်မြေဘက်မှာလည်း ကျွန်တော်တို့ KIOတွေက စစ်ရေးအရ အဲဒီဘက်မှာ နေတဲ့အချိန်ကာလတွေလည်း ရှိခဲ့မှာပါ။ ထို့နည်းတူစွာ ကျွန်တော်တို့ KIOရဲ့ အုပ်ချုပ် နယ်မြေဘက်မှာ သူတို့ရဲ့ လှုပ်ရှားမှုတွေ ရှိတဲ့ အချိန်ကာလတွေလည်း ရှိခဲ့မှာပါ။ အခုလည်း ဆက်ပြီးတော့မှ အဲဒီက နားလည်မှုနဲ့ အချင်းချင်း ပဋိပက္ခမဖြစ်ဘဲနဲ့ အတူတူနေဖို့ အဲဒီစာချုပ်အတိုင်း ပြန်ပြောတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။