မိုင်ဂျာယန်၊ မေ(၃၀)

အင်အားကြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားမယ်လို့ မေ ၂၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

KIA နဲ့ TNLA နှစ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မေ ၁၆ နဲ့ ၁၇ ရက်နေ့တို့မှာ KIA ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အပြန်အလှန်နားလည်မှုရှိစွာနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဖွဲ့ကြား အရင်ကတည်းက သဘောတူညီခဲ့ကြတဲ့ ထာဝရမဟာမိတ်စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်သွားဖို့နဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲသွားကြဖို့ သ ဘောတူညီချက်တွေ ရရှိခဲ့တာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ကာလမှာ နှစ်ဖက်အဖွဲ့အနေနဲ့ အတူတကွ လုပ်သင့်တဲ့နေရာမှာ လုပ်ဆောင်မယ့်သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အားလုံးဝိုင်းဝန်းပြီးမှ လုပ်ဆောင်နေတဲ့ အားလုံးရဲ့ ဘုံသဘောတူချက်ကတော့ စစ်အာဏာရှင်ချုပ် ငြိမ်းရေးက ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ TNLA အနေနဲ့ KIO အနေနဲ့ အဲဒီလုပ်ငန်းတွေကို ပူးပေါင်းသင့်တဲ့နေရာမှာ ပူးပေါင်းမယ်၊ အတူတကွ လုပ်သင့်တဲ့နေရာမှာ လုပ်မယ်ဆိုတဲ့သဘောမျိုးပါ။ တခြားသီးသန့် ပရိုဂရမ်တွေဆွဲထားတဲ့ဟာတွေ မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ်ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို အတူ တကွလက်တွဲပြီး လုပ်မယ်ဆိုတဲ့သဘောမျိုး ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ဟာ ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို သူတို့နယ်မြေမှာ စစ်ပညာတွေ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပူးပေါင်းပြီး ကချင်ပြည်နယ်အပါအဝင် နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးအတွက် စစ်ကောင်စီတပ်နဲ့ မြေပြင်တိုက်ပွဲတွေလည်း ဆင်နွှဲနေတာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ KIA နဲ့ TNLA တို့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကြေညာ ချက်လိုမျိုး တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ကြေညာနိုင်ရင် နွေဦးတော်လှန်ရေး ပိုကောင်းလာမယ်လို့ ထောက်ပြပါတယ်။

“သူတို့ နှစ်ဖွဲ့ဆိုပေမယ့် တိုင်းရင်းသားအားလုံးရဲ့ ရင်ထဲမှာလည်း အဲဒီလို ရှိနေကြတယ်၊ တော်လှန်ရေးအင် အားစုတွေရဲ့ စိတ်ထဲမှာလည်း အဲဒီလိုရှိနေကြတယ်။ သူတို့ ပြတ်ပြတ်သားသား ကြေညာလိုက်တဲ့အပေါ် ပိုပြီးသင့်တော်တယ်။ တခြားအဖွဲ့တွေလည်း အဲဒီလိုကြေညာနိုင်ရင် ပိုကောင်းတယ်။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်တိုက်တဲ့အခါ ပိုပြီးတော့ ယုံကြည်ချက်တွေ ပိုခိုင်မာလာပြီးတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အတူတူသွားနိုင်တဲ့ စစ်ရေးအရ ပူးပေါင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ဖို့ ဒါက လုပ်ကိုလုပ်သင့်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

KIA နဲ့ TNLA တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင် ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြသလို TNLA ကတော့ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့် MNDAA နဲ့ စစ်ရေး၊နိုင်ငံရေးတွေမှာ ပူးတွဲလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ပတ်သက်ပြီး KIA နဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တဲ့ TNLA ရဲ့ သ တင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်ကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

KIA နဲ့ TNLA တို့ လှုပ်ရှားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ဒေသတချို့မှာ မြေပြင်တပ်ဖွဲ့ဝင် တွေကြား အချင်းအချင်း စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီး အခုလိုနှစ်ဖက်အဖွဲ့ရဲ့ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဖက်ဆွေးနွေးမှုကနေ ဒေသခံတွေဖြစ်ကြတဲ့ ကချင်လူမျိုး၊ တအာင်း (ပလောင်) လူမျိုး ၊ ရှမ်းလူမျိုးအပါအ ဝင် ဒေသတွင်းရှိ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ခံဖို့နဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ကိုလည်း သဘောတူညီခဲ့ကြတာပါ။

ဒါ့အပြင် အမျိုးသားတန်းတူရေးကို အခြေခံပြီး ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားဖို့အပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ အခြားလိုအပ်တဲ့ ကိစ္စရပ်တွေကို နှစ်ဖက်အဖွဲ့တွေအနေနဲ့ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KIA/TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.