နေပြည်တော် – မေ(၃၀)
ပြည်တွင်း သံနဲ့ သံမဏိတင်သွင်းတာတွေကို ဒေါ်လာအစား ယွမ်ငွေ ပြောင်းလဲသုံးစွဲပါက လိုင်စင်ချထားမှု ဦးစားပေးမယ်လို့ မြန်မာနိုင်ငံသံနဲ့ သံမဏိအသင်းက ထုတ်ပြန်ထားပါတယ်။
အရင်က သံနဲ့ သံမဏိ တင်သွင်း၊တင်ပို့ရာမှာ ဒေါ်လာတမျိုးတည်းကိုသာ သုံးစွဲခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာအစား တရုတ်ယွမ်ငွေသုံးစွဲဖို့ ကုန်သွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံ သံနဲ့ သံမဏိအသင်းထံ ကို အကြောင်းကြားခဲ့တာပါ။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အရ အရင်က သံနဲ့ သံမဏိလိုင်စင် ချထားမှုမှာ ဒေါ်လာကိုသာသုံးစွဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီတွေအနေနဲ့ လိုင်စင်တင်ထားတဲ့ ဒေါ်လာပမာဏနဲ့ ညီမျှတဲ့ ယွမ်ငွေကို ပြောင်းလဲပြင်ဆင်ပြီး လိုင်စင်တင်နိုင်တယ်လို့ မြန်မာနိုင်ငံသံနဲ့ သံမဏိအသင်းရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သံနဲ့ သံမဏိအသင်းကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။
နှစ်စဉ် သံနဲ့ သံမဏိ ဆက်စပ်ပစ္စည်းတွေကို တန်ချိန် (၃) သန်းလောက် တင်သွင်းနေတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ(၁၁) ရက်နေ့က ပြုလုပ်တဲ့ သံမဏိလုပ်ငန်းရှင်များအသင်း ရဲ့ (၆) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောထားပါတယ်။
မြန်မာနိုင်ငံ သံနဲ့ သံမဏိလုပ်ငန်းရှင်များအသင်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ စတင်တည်ထောင်ခဲ့ပြီး အသင်းဝင်အများစုမှာ သံနဲ့ သံမဏိတင်သွင်းသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Google