မြဝတီ၊ မေ(၃၀)

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေကို KNLA KNDO နဲ့ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် (၉)ဦး သေဆုံးသွားခဲ့တယ်လို့ Federal Wings Drone အဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ(၂၃)ရက်နေ့ကစပြီး မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းကုန်းနဲ့ ကနဲလေးစခန်းတွေကို KNLA တပ်ရင်း(၂၀၁)၊ KNDO တပ်ရင်း(၈)နဲ့ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့ တွေက စစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကနဲလေးစခန်းက တပ်ရင်းမှူး(၁)ဦး အပါအဝင် (၉)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ခိုက်ခံရမှုမှာပါဝင်တဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ မော်ခီးစခန်းတွေမှာ ထိခိုက်မှုတွေရှိပေမယ့် အထိ အခိုက်စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပနွယ်ဖိုးကလိုးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ခရစ် ယာန်ဘုရားကျောင်းနဲ့ ကျောင်းဘော်ဒါဆောင်(၁)ဆောင်၊ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူ(၂၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်ထောက်ပံ့မှုတွေ လို အပ်လျက်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.