မြဝတီ၊ မေ(၃၀)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးမတည်ငြိမ်တာအပြင် စီးပွားရေးအကျပ် အတည်းတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက်မြင့်တက်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို အခုမေလအတွင်း ထိုင်း-မြန်မာ နယ်စပ်ကနေတစ်ဆင့် တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားကို ထိုင်းနယ်မြေခံလုံခြုံရေးအဖွဲ့တွေက အစုလိုက်အပြုံအလိုက် ဖမ်းဆီးရမိတာတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ မေလ(၂၄)ရက်နေ့က ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာမှာ တရားမဝင် နယ် စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား(၅၀)နီးပါးကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပြီး အဲဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆမွတ်ဆာခွန်၊ ရယောင်ခရိုင်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ် ဖော်ပြောဆို ထားပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေအရ စစ်ဆေးအရေးယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကစပြီး ထိုင်းနိုင်ငံထဲကို နယ်စပ်တွေကနေတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့အတွက် တစ်လကို ပျမ်းမျှအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၄၀၀၀) နီးပါး ဖမ်းဆီးခံနေရတာပါ။

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ အခုလိုပဲ သုံးသပ်ပြောဆိုထားပါတယ်။

“ထိုင်းနိုင်ငံကို အခုလို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့ကြိုးစားတာကြီးက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့အထိတော့ ကျွန် တော်တို့စောင့်ရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကလည်း သာယာဝပြောမယ်၊ လုံခြုံမှုတွေရှိတယ်၊ ဘဝတွေကလည်း လွတ်လပ်စွာ ထူထောင်ပိုင်ခွင့်ရှိမယ်ဆိုရင်တော့ လူသားအရင်းအမြစ်တွေက ကိုယ့်တိုင်း ပြည်မှာပဲ အခြေစိုက်ပြီးလုပ်ကိုင်ကြမှာပေါ့။ လက်ရှိအခြေအနေမျိုးမှာတော့ ကျွန်တော်ထင်ပါတယ်။ လူငယ်လူရွယ်လူလတ်တွေအားလုံးက တိုင်းပြည်ထဲမှာ ရပ်တည်နိုင်စွမ်းမရှိလို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားတယ်လို့ပဲ ကျွန်တော်မြင်နေရပါတယ်” လို့ ဦးအောင်ကျော်က သုံးသပ်ထားပါတယ်။

ထိုင်းနိုင်ငံထဲကို နယ်စပ်ကနေတစ်ဆင့် တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေဟာ ကန်ချနာဘူရီခရိုင်ထဲမှာ အများဆုံးဖြစ်ပြီး အရင်က တာ့ခရိုင်မဲဆောက်ဘက်ကနေ ဖြတ်ကျော်ဝင်ရောက်လာတာတွေရှိပေမယ့် မဲဆောက်ဒေသဘက်မှာ ထိုင်းဘက်က လုံခြုံရေးတိုး မြှင့်လိုက်တာကြောင့် ကန်ချနာဘူရီခရိုင်ဘက်ကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဖြတ်ကျော်ဝင် ရောက်လာခဲ့တာလို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထိုင်းနိုင်ငံထဲ ဖမ်းဆီးရမိတဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ် သမားတွေကို ထိုင်းအာဏာပိုင်တွေက မြဝတီ-မဲဆောက် နယ်စပ်ဂိတ်၊ ရနောင်း-ကော့သောင်း နယ် စပ်ဂိတ်တွေကနေတဆင့် မြန်မာပြည်ဘက်ကို ပြန်လည်ပို့ဆောင်တာတွေ မကြာခဏဆိုသလို လုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ပြည် တွင်း အလုပ်အကိုင်ရှားပါးတဲ့ပြဿနာတွေကြောင့် နေ့စဉ်ရွှေ့ပြောင်းလုပ်သားရာနဲ့ချီ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ကာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အ လုပ်အကိုင် အခက်အခဲပြဿနာတွေကြောင့် ရွှေ့ပြောင်းလုပ်သားသိန်းနဲ့ချီ ပြည်ပနိုင်ငံတွေမှာ သွား ရောက် အလုပ်လုပ်ကိုင်နေကြပြီး အဲဒီထဲမှာ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို အများဆုံး ထွက်ခွာနေကြတာလို့ ဆိုထားပါတယ်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးအထွေထွေ အကျပ်အတည်းတွေနဲ့အတူ လက် နက်ကိုင် ပဋိပက္ခတွေကြောင့် တစ်လလျှင် ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-CNB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.