သံဖြူဇရပ်၊ မေ(၃၀)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး မော်လမြိုင်-ရေးကားလမ်းမှာ မေ ၂၉ ရက်နေ့ မနက်ပိုင်းက ကုန်တင်ကားနှစ်စီးပစ်ခတ်ခံရပြီး တစ်စီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ မနက် ၇ နာရီလောက်မှာ ရေးမြို့နယ်ကနေ မော်လမြိုင်ဘက်သို့ မောင်းနှင်းလာတဲ့ ၆ ဘီး ကုန်တင်ယာဉ် ၂ စီးဟာ အေးကမ္ဘာကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေဟာ ကားကိုထားပြီး ထွက်ပြေး တိမ်းရှောင်သွားကာ အဲဒီထဲကကားတစ်စီး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ ကုန်တင်ကားတွေဟာ ဆိုင်ကယ်အဟောင်းပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတွေဖြစ်ပြီး မီးရှို့ခံရတာကြောင့် ကားခေါင်းပိုင်း မီးလောင်ပျက်စီးခဲ့တာပါ။
ကုန်တင်ကား မီးရှို့ဖျက်ဆီးခံရတဲ့ အေးကမ္ဘာကျေးရွာဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေလည်း စစ်ရေးလှုပ်ရှားတဲ့ ဒေသလည်း ဖြစ်ပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကုန်တင်ကားတွေကို KNLA တပ်မဟာ(၆) ၊ တပ်ရင်း (၂၇) တပ်ခွဲ(၄) အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။
ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ