ထားဝယ်၊ မေ(၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ၁၀ဦးကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သပြေချောင်းကျေးရွာကနေ ရေဝိုင်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

အဲဒီနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ရေဝိုင်းကျေးရွာက နေအိမ် ၂ လုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ထောက်ပို့လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းပြန်ဆုတ်စဉ် ရေဝိုင်းနဲ့ မြင်းမတ်တပ်ကျေးရွာနေ ဒေသခံ ၁၀ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီးနောက် မြင်းမတ်တပ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဝင်လာတာကြောင့် ရေဝိုင်း၊ မြင်းမတ်တပ်၊ ခေါင်တိုင်ပြင်၊ ပခပ်အင်း၊ ကင်းကုန်းနဲ့ ရဲအိုင်ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထားဝယ်မြို့နယ် အရှေ့တောဒေသမှာတော့ အခုမေလအတွင်း စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ် ရေးတပ်တို့ကြား တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.