ကော့ကရိတ်၊ မေ(၃၀)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်၊ ခနိမ်းမူးတိုးချဲ့ကွက်သစ်မှာ လက်နက်ကြီး ထိမှန်တာကြောင့် လင်မယား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ ခနိမ်းမူးတိုးချဲကွက်သစ်နေ အသက် ၇၃ နှစ်အရွယ် ဦးဖိုးကျားနဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မြတ်ထွေးတို့ လင်မယား ၂ ဦး နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာပါ။
လက်နက်ကြီး ထိမှန်တာကြောင့် ဦးဖိုးကျားဟာ ဦးခေါင်းပွင့်ထွက်၊ ဝဲယာပေါင်ကြေမွဒဏ်ရာ၊ ဇနီးဖြစ်သူ ဒေါ်ခင်မြတ်ထွေးမှာ လည်ပင်း၊ ခြေထောက်နဲ့ လက်တွေမှာ လက်နက်ကြီးကျည်စ ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့ပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီနေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ခနိမ်းမူးတိုးချဲ့ကွက်သစ်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားတဲ့ လင်မယား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေး အသင်းတွေက ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့အထွက် အုတ်ဖိုလုပ်ငန်းခွင်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အုတ်ဖိုလုပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ