ထိုင်း-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့မှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ နယ်စပ်တလျှောက် တရားမဝင်ဝင်ထွက်သွားလာမှုတွေကို ပူးပေါင်းတားဆီးကာကွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

တဖက်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခုလထဲမှာ ဆက်တိုက် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ ဒါကြောင့် ထိုင်း – မြန်မာနှစ်နိုင်ငံရဲတပ်ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ဖြစ်လာနိုင်တဲ့ အကျိုးသက် ရောက်မှု၊ ရွေးကောက်ပွဲအနိုင်ရ Move Forward Party အစိုးရဖြစ်လာရင် မြန်မာ့အရေး ဘာတွေပြောင်းလဲလာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN က ဦးအောင် ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီး ခံရမှုအခြေအနေလေး ပြောပြပေးပါဦး။

ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးက ၂၀၂၁ဖေဖော်ဝါရီ ၁ရက်ကစပြီး တိုင်းပြည်မှာရှိတဲ့ လူငယ်၊ လူသစ်၊ လူရွယ်၊ လူလတ်တွေ အားလုံးက ကိုယ့်အလုပ်အကိုင်နဲ့ သာယာဖြောင့်ဖြူးစွာနဲ့ ဘဝတစ်ခုကို ရပ် တည်နိုင်စွမ်းမရှိတဲ့အခါမှာ သူတို့အနေနဲ့ ရေကြည်ရာမြက်နုရာ လုံခြုံရာအေးချမ်းရာ သူတို့အတွက် အလုပ် အကိုင်တွေရရှိရာ နေရာတွေကို ရွေ့ပြောင်းသွားလာနေကြတာပေါ့။ သွားလာတဲ့အခါမှာ ပုံစံ အမျိုးမျိုးနဲ့ပေါ့။ တချို့ကလည်း တရားမဝင်အနေနဲ့ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ဂျပန်တို့ သွားတဲ့သူတွေရှိသလို တချို့ကျတော့လည်း တောင်ကိုရီးယားတို့၊ စင်ကာပူတို့ကျတော့လည်း အရည်အချင်းသတ်မှတ်ထားတာ ရှိတယ်ဆိုတော့ ဘာအရည်အချင်းမှ ပြစရာမလိုတဲ့ သာမန်အထွေထွေလုပ်သား တစ်ယောက်အနေနဲ့ သွားပြီး လွယ်လင့်တကူလုပ်လို့ရတဲ့ ထိုင်းနိုင်ငံကိုလည်း သူတို့ရဲ့မလုံခြုံမှုနဲ့၊သူတို့ရဲ့ မပြေလည်မှုနဲ့ စားဝတ်နေရေးတွေ ဖြေရှင်းနိုင်ဖို့အတွက် အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကို အခုလို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အလုပ်လုပ်ဖို့ ကြိုးစားလာတာတွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်း သွားတဲ့အထိကတော့ ကျွန်တော်တို့ စောင့်ရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကလည်း သာယာဝပြောမယ်၊ လုံခြုံမှုတွေရှိတယ်၊ ဘဝတွေကိုလည်း လွတ်လပ်စွာ ထူထောင်နိုင်စွမ်းရှိမယ်ဆိုရင် လူသားအရင်းအမြစ်တွေက ကိုယ့်တိုင်းပြည်မှာပဲ အခြေစိုက်ပြီး လုပ်ကြမှာပေါ့။ လက်ရှိအခြေအနေကတော့ လူငယ်လူလတ်တွေ အားလုံးက ကိုယ့်တိုင်းပြည်ထဲမှာ ရပ်တည်နိုင်စွမ်းမရှိလို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားတယ်လို့ပဲ ကျွန်တော်မြင်နေရပါတယ်ခင်ဗျ။

-မေလ(၂၅)ရက်နေ့က ထိုင်း-မြန်မာနှစ်နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုအထဲမှာ နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှုနဲ့ နယ်စပ်တလျှောက် တရားမဝင်ဝင်ထွက်သွားလာမှုတွေကို ပူးပေါင်းတားဆီးကာ ကွယ်ဖို့ ဆွေးနွေးထားတာရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ကျွန်တော်တို့ အခုနောက်ပိုင်းမှာ ကြားနေရတာတော့ ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ ကန်ချနာဘူရီ ဒေသတွေ ကနေ အများဆုံးဝင်ရောက်လာတာ တွေ့ရှိရပါတယ်။ မဲဆောက်-မြဝတီကတော့ လုံခြုံရေးအင်အားတွေ တအားများတဲ့အတွက်ကြောင့် အဲဒီလမ်းကြောင်းတွေက အင်မတန်ကြပ်တဲ့အခါမှာ လူမှောင်ခိုပွဲစားတွေ အားလုံးကလည်း သူတို့ ဖမ်းဆီးခံရရင် လူကုန်ကူးမှုနဲ့ ဖမ်းဆီးပြစ်ဒဏ်ကျခံစိုးလို့ သူတို့လွတ်လပ်မယ့် နေရာတွေကို ရွေးတဲ့အခါမှာ ကျွန်တော်တို့ အများဆုံး တွေ့နေရတာတော့ ကန်ချနာဘူရီကနေ အများဆုံး ဝင်ရောက်တာကို တွေ့နေရပါတယ်။

– ထိုင်းရွေးကောက်ပွဲမှာ Move Forward Party ဘက်က အနိုင်ရထားပါတယ်။ သူတို့အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင် တာဝန်ယူတဲ့အခါကျရင် ရွှေ့ပြောင်းအလုပ်သမားအရေးအပေါ် ဘယ်လိုအလားအလာတွေ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ကျွှန်တော်သုံးသပ်ရမယ်ဆိုရင် Move Forward Party ခေါင်းဆောင်မစ္စတာပီတာက ပါတီတည်ထောင်ပြီး ၃နှစ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြတ်ပြတ်သားသားထုတ်ဖော်ခဲ့တာလည်း လူငယ်တစ်ယောက်ဖြစ်ပြီး သမိုင်းရာဇဝင် အများကြီးတွင်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေမှာ တော်တော်ကြီးအမွှန်း တင်ပြီး ဖော်ပြနေတာတွေ့ရပါတယ်။ သူက လူငယ်တစ်ယောက်အနေနဲ့ နိုးကြားတယ်။ အနာဂတ်ကို စနစ်တ ကျပြုပြင်ပြောင်းလဲ စိန်ခေါ်တယ်။ ရှေးရိုးစွဲမူဝါဒတွေ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့အတွက်ကြောင့် သူ့နိုင်ငံမှာ မဲပေးနိုင်တဲ့ ၅၂သန်းအများစုက သူ့ကိုထောက်ခံမဲပေးခဲ့တာ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က အနာဂတ်ကို ပြုပြင်ပြောင်းလဲပြီးမှ တရားမျှတတဲ့ လွတ်လတ်ပွင့်လင်းတဲ့ နိုင်ငံသစ်ကို ထူထောင်မယ်လို့ ကြွေးကြော်ခဲ့သလို ထူးခြားချက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ရဲရဲဝင့်ဝင့်ပြတ်ပြတ်သားသားစာတွေ ထုတ်တာတွေ၊ နောက် ကန့်ကွက်စာတွေတင်တာတွေ ဆိုပါတော့။ ကျွန်တော်တို့ မြန်မာနိုင်ငံ အမှောင်ကျသွားအောင် စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ကိစ္စကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း ထုတ်ပြောတာတွေ ဒါ တောင်သူက အစိုးရအဖွဲ့လည်း မဟုတ်သေးဘူး။ သူကပါတီတစ်ရပ်ပဲ ရှိသေးတယ်။ ပါတီပေါင်း (၇၀)ရှိတဲ့ ထိုင်းနိုင်ငံမှာ သူကအရင်ဦးဆုံး အဲဒီဟာကို ကန့်ကွက်ခဲ့တယ်။ အဲဒီကတည်းက စောင့်ကြည့်နေတယ်။ နောက်ပိုင်း ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးတဲ့အခါမှာ မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ ဘဝကို စာနာတယ်။ ထောက်ထားတယ်။ သူသာလျှင်အစိုးရတစ်ရပ်အဖြစ် တာဝန်ယူဆောင်ရွက်ခွင့်ရရင် လူသားချင်းစာနာထောက်ထားမှုတွေ လုပ်မယ်။ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ပေါင်းပြီး မြန်မာနိုင်ငံကောင်းကျိုးကို ဆောင်ရွက်မယ်လို့ ပြောထားတယ်။ မြန်မာရွှေ့ပြောင်းတွေရဲ့ အခက်အခဲကို စာနာတယ်။ နားလည်တယ်။ သူတို့ဘဝကို ပိုမိုကောင်းမွန်အောင် လုပ်ကိုင်မယ်လို့ ပြောထားတဲ့အတွက်ကြောင့် ကျွန်တော်တို့က မျှော်လင့်နေတာ။ သူသာလျှင်အစိုးရဖွဲ့ပြီး တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သ မားတွေရဲ့ဘဝ၊ နယ်စပ်မှာရောက်ရှိနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားပေါင်းစုံရဲ့ဘဝ၊ ပြည်တွင်းမှာ အခက်အ ခဲကြုံနေတဲ့ ကျွန်တော်တို့ ပြည်သားတွေရဲ့ ဘဝကို သူတတ်နိုင်သလောက် နိုင်ငံတကာနဲ့ ပေါင်းစပ်ပြီး ကူညီ ပံ့ပိုးမယ်ဆိုတာကို ကျွန်တော် ယုံကြည်တယ်ခင်ဗျ။ဒါနဲ့ ပတ်သက်ပြီး အများကြီးလေ့လာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စိုးရိမ်သောကလည်း ဖြစ်မိပါတယ်။ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံက တရားဝင်ရွေးကောက်ပွဲကြီး ပြီးသွားပြီဆိုသော်လည်း အနိုင်ရပါတီတွေ အစိုးရဖွဲ့နိုင်တဲ့ အနေအထားမျိုး လက်ရှိအချိန်ထိ မရှိသေးဘူး။ ညှိနှိုင်းဆွေးနွေးတဲ့ အနေအထားပဲ ရှိတယ်။ လက်ရှိအာဏာရပါတီက တပ်မတော်စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာဝတ်တို့အုပ်စုကလည်း အိမ်စောင့်အစိုးရအနေနဲ့ တည်ရှိနေတဲ့ကာလမှာ အခုလိုမျိုး တွေ့ဆုံဆွေးနွေးသွားတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ တော်တော်ကြီးကို အထူးသတိထား ပြီး နေထိုင်ဖို့လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ သူကတော့ သူ့မူလ ပေါ်လစီအတိုင်းပဲ မြန်မာဘက်က စစ်ခေါင်းဆောင်တွေနဲ့ ပေါင်းစပ်တယ်။ မျိုးဆက်သစ်Move Forward Partyက တိုင်းပြည်ကို အုပ်ချုပ်တဲ့ အနေအထား မရောက်မချင်းကတော့ ကျွန်တော်ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုတယ်။ ကျွန်တော်လည်း တွေ့နေတယ်။ နယ်စပ်တွေမှာ ဖမ်းဆီးနေတာတွေ၊ အရေး ယူတာတွေ လုပ်နေတယ်ဆိုတာလည်း တွေ့နေတယ်။ ဒါတွေက အန္တရာယ်တစ်ရပ်မို့ ဆင်ခြင်သင့်နေတာ ဖြစ်ပါတယ်ခင်ဗျ။

– မေလ(၂၆)ရက်နေ့ကလည်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက် MWRN တို့က ထိုင်းအလုပ်သမားဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးတယ်လို့ ဖော်ပြထားပါတယ်။ အဓိကဘယ်အကြောင်းအရာတွေ တွေ့ဆုံဆွေးနွေးခဲ့ပါသလဲ ပြောပြပေးပါဦး။

ကျွန်တော်တို့သည် ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီးတော့မှ ရွေ့ပြောင်းလုပ်သားတွေ စုပေါင်းပြီးမှ သမဂ္ဂပုံစံမျိုး ထူထောင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်သမားတွေ ပကတိအခြေအနေမှာ ဘာတွေရင်ဆိုင်နေရလဲ၊ အလုပ်သမားတွေရဲ့ သောကက ဘာလဲ။ အဲဒီအခက်အခဲတွေ အားလုံးကို လေ့လာစုံစမ်းပြီးမှ ကျွန်တော်တို့က ထိုင်းအစိုးရကို အမြဲတမ်းတင်ပြတဲ့ အနေအထားမျိုးပါ။ ကမ္ဘာ့အလုပ်သမားနေ့ မေးဒေးနေ့အားလုံးမှာ ထိုင်းနိုင်ငံ မှာရှိတဲ့ ထိုင်းအလုပ်သမားသမဂ္ဂတွေ အားလုံးနဲ့ဆွေးနွေးတယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့ ထိုင်းအစိုးရကို အမြဲတမ်းတောင်းဆိုနေတာပါ။ အခုတော့ ကျွန်တော်တောင်းဆိုနေတာကို ပြီးခဲ့တဲ့ မေလ၁ရက် နေ့မှာ လူချင်းသွားတွေ့ပြီး ထပ်မံညှိနိုင်းတဲ့ သဘောပါ။ ထိုင်းနိုင်ငံနဲ့ MOU စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေသည် လက်ရှိအခြေအနေမှာ လေးနှစ်ပြည့်လို့ ကိုယ့်တိုင်းပြည်ပြန် စာချုပ်အ သစ်သွားချုပ်ရမယ့် ကိစ္စက လက်ရှိအခြေအနေမှာ တိုင်းပြည်မအေးချမ်းတဲ့အတွက်ကြောင့် ဒါကို ဒီနိုင်ငံမှာ အကောင်းဆုံးဖြစ်အောင် ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်ပေးပါလို့ ထပ်လောင်းတောင်းဆိုတာ ဖြစ်ပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.