မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ

တိုကျို – မေ(၃၀) 

မြောက်ကိုရီးယားနိုင်ငံက မေလ(၃၁) ရက်နေ့ကစပြီး ဇွန်လ(၁၁) ရက်နေ့အထိဂြိုလ်တုလွှတ်တင် ရေး အစီအစဉ်ကိုကြေညာခဲ့ပြီးနောက် နိုင်ငံနယ်နိမိတ်ကိုထိပါးလာနိုင်တဲ့ပဲ့ထိန်းဒုံးတွေကိုပစ်ခတ် ဖြိုခွင်းသွားနိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။ 

နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို တပ်ဆင်ပြီးကြောင်းနဲ့ ခေါင်းဆောင် ကင်ဂျုံအန် ဟာ အာကသပတ်လမ်းတစ်ခု အတွင်းကို လွှတ်တင်ဖို့လည်း နောက်ဆုံးပြင်ဆင်မှုတွေကို အတည်ပြုထားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။ 

အကဲခတ်တွေရဲ့ ပြောဆိုချက်အရ မြောက်ကိုရီးယားဟာ နိုင်ငံရဲံ ကာကွယ်စောင့်ကြပ်ရေးစွမ်း ရည်သာမက စစ်ပွဲအတွင်းမှာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ အရည်အချင်းကိုလည်း မြှင့်တင် ထားပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ နယ်နိမိတ်ထဲကို ရောက်ရှိနိုင်မယ်လို့ အတည်ပြုနိုင်တဲ့ ပဲ့ထိန်းဒုံးနဲ့ ဒုံးကျည် မှန် သမျှကို ဖျက်ဆီးမယ့် အတိုင်းအတာတွေကို ဆောင်ရွက်သွားမှာပါ” လို့ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖျက်ဆီးနိုင်ဖို့ ဂျပန်ဟာ Standard Missile-3 (SM-3) ဒါမှမဟုတ် Patriot Missile PAC-3 အမျိုးအစားတွေကို အသုံးပြုသွားမှာဖြစ်တယ် လို့ ဝန်ကြီးဌာနက ပြောထားပါတယ်။ 

လာမယ့် မေလ(၃၁) ရက်နေ့ကစပြီး ဇွန်လ(၁၁) ရက်နေ့အထိ ဒုံးပစ်လွှတ်ရေးကို ဆောင်ရွက်မယ် လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကို မြောက်ကိုရီးယားက သတင်းပေးပို့ခဲ့တာဖြစ်တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ 

ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုက မြောက်ကိုရီးယားဟာ ဂြိုလ်တုပစ်လွှတ် မှုလို့ ခေါင်းစဉ်တပ်ထားပေမယ့် နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

“ကျွန်ုပ်တို့နိုင်ငံရဲ့ နယ်နိမိတ်ထဲကို ဒီဂြိုဟ်တုက ဖြတ်သန်းသွားနိုင်ချေရှိတယ်လို့ အစိုးရအဖွဲ့က သိထားပါရတယ်” လို့ မစ္စတာ ဟီရိုကာဇိုက ပြောခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကလည်း မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးပစ်ခတ်မှုတွေဟာ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ်ဆိုးရွားစွာ ကျူးလွန်ဖောက်ဖျက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

“ကျွန်ုပ်တို့အနေဖြင့် ထိုပစ်လွှတ်ရေးအစီအစဥ်ကို ပြန်လည် ရုတ်သိမ်းပေးရန် အပြင်းအထန် တောင်းဆိုကြောင်းနဲ့ အမေရိကန်၊ တောင်ကိုရီးယား နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်” လို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရုံး တွစ်တာ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

Ref: Reuters / Rc

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.